15 December 2008

ဆင်တစ်ကောင်နှင့်စကားပြောခြင်း



တခါတုန်းက
မျက်မမြင်ပုဏ္ဏားခြောက်ယောက်
ဆင်တစ်ကောင်ကို
စိတ်ကြိုက်စမ်းသပ်အပြီးမှာ
ဆင်ကြီးက တွေးတွေးဆဆနဲ့
စကားလုံးတွေ ပစ်ချသတဲ့...၊

ဆင်ဆိုတာ အကြီးမားဆုံးမို့
နေမကောင်းရင်တောင်
ဆင်ပိန်ကျွဲလောက် တဲ့၊
အားကောင်းသလို
အစားလည်း တောင်းလို့
ဆင့်ပါးစပ်နှမ်းပက လုပ်လို့မရဘူး၊
မဝရေစာ ဘယ့်နှယ့်ဗျာ
အမြင်မတော် ဆင်တော်နဲ့ခလောက် ဖြစ်ကုန်မှာပေါ့၊
ဆင်တွေများ သိမ်မွေ့ချင်တော့
ဆင်မယဉ်သာ ပေါ့
အဲ..ဆင်တွေတဏှာခြုံ
ဆင်မုန်ယို တော့
ထင်တိုင်းကြဲစတမ်း...၊
လာမကပ်နဲ့
သိတယ်မဟုတ်လား !
ဆင်သွားလမ်းဖြစ် တဲ့
ဆင်ကောင်းမပြောနဲ့
ဆင်ကန်းတောတိုး
ဘယ်လိုဆိုးတယ်ဆိုတာ သိမှာပါ၊

ဒီလိုသြဇာကြီးမားတဲ့ဆင်
လူတွေက သဘောတကျနဲ့ အတုခိုးပြီး
အခန်းဝမှာသုံးထား
ဆင်နားရွက်တံခါး
တခါ အဆောင်လက်ဖွဲ့လိုဝတ်
ဆင်မြီးလက်စွပ် တဲ့၊
ကဲ..ဆင်တွေရဲ့ လွှမ်းမိုးမှု
ဂရုမပြုလို့ရမလား
လယ်ပြင်မှာဆင်သွားသလို
ထင်ရှားနေတော့လည်း
(ကန်တော့ပါရဲ့)
ဆင့်ဖင်ခေါင်း ပဲဆိုဆို
ကြီးကျယ်ပြီပေါ့၊

အဲ..ဆင်ပြောင်ကြီးအမြီးကျမှတစ် ဆိုသလို
ဆင်လည်းလေ လောကီသားပေမို့
ဆင်သတ်အရပ်ဝေ မယ့်
ပုဂ္ဂိုလ်တွေနဲ့တွေ့လည်း တွေ့ရော
ဟော..စောစောက
ဆင်ဖြူတော်မှီကြံစုပ် ခဲ့တဲ့ကောင်တွေ
ဘယ်ပျောက်ကုန်ကြလဲ၊
မထူးတော့မယ့်အတူ
တစ်ကောင်တည်းပဲ ဆင်ကြံ,ကြံ
မျက်ရည်ခံထိုးတောင်းပန်ရင်း
ဆင်ကျီစားရာဆိတ်မခံသာ ဖြစ်သွားရင်
ခွင့်လွှတ်ပါ တဲ့၊
(အင်း...အခုမှတော့)
ဆင်သေကိုဆိတ်ရေနဲ့ဖုံး
ရနိုင်ပါအုံးမလား ။ ။


ညီလင်းသစ်
၁၅ ဒီဇင်ဘာ၊ ၂၀၀၈

09 December 2008

လမ်း...


ကျနော်တို့အားလုံး လမ်းများစွာကို လျှောက်ဖူးကြသည်၊ လမ်းလျှောက်တတ်ခါစ အရွယ်မှစ၍ အမျိုးမျိုး သောလမ်းများကို လျှောက်ဖူးကြသည်၊ တိုသောလမ်း၊ ရှည်သောလမ်း၊ အဆုံးကိုမြင်နေရသောလမ်း၊ အဆုံးမသိ နိုင်သောလမ်း၊ ကွေ့ကောက်သောလမ်း၊ ရှုပ်ထွေး ပွေလီ သောလမ်း၊ လင်းသောလမ်း၊ မှောင်သော လမ်း၊ ... ... ...လမ်း၊ ... ... ... လမ်း၊ ပြောမကုန်နိုင်ပါ၊

မြင်ရသောလမ်းများထက် မမြင်ရသောလမ်းများသည် လျှောက်ရန်ပိုမိုခက်ခဲသည်ဟု ကျနော်ဆိုလျှင် သင်သဘောတူပါမည်လား၊ ထို့ထက်ပိုမို ခက်ခဲသည်မှာ ရွေးချယ်ခွင့်မရှိသော လမ်းများပင်ဖြစ်သည်၊ ကျနော် တို့ဘဝတွင် ကိုယ်ရွေးချယ်ခဲ့သောလမ်းနှင့် ရွေးချယ်ခွင့် မရှိခဲ့သောလမ်း အချိုးချကြည့်မည်ဆိုလျှင် မည်သည်ကပိုများမည်ဟု ထင်ပါသလဲ၊ တခါတရံ၌ တစုံတခုကို သိဖို့မကြိုးစားခြင်းသည် ဘဝတွင် ပျော်ရွှင်စွာ နေထိုင်နည်း တခုလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါသည်၊

အချို့လမ်းများမှာ ဘုရားစူးလမ်းပါဟု ကျိန်တွယ်ပြောရလောက်အောင် အိုမင်းဟောင်းနွမ်းနေကြသည်၊ အလျင်လိုသောအခါ ထိုသို့သော လမ်းအိုများကို ကျနော်မလိုက်ချင်ပါ၊ လမ်းသစ်သည် ကြမ်းတမ်းကောင်း ကြမ်းတမ်းမည်၊ ဆူးညှောင့်ခလုတ်များ ပြွန်းတီးကောင်းပြွန်းတီးမည်၊ ကိစ္စမရှိ...၊ လတ်ဆတ်သစ်လွင်သော လေကောင်းလေသန့်တို့က အတွေးသစ်၊ အမြင်သစ်တို့ကို မွေးဖွားစေပါလိမ့်မည်၊ လမ်းဆုံးလျှင် ရွာမတွေ့သည့် တိုင်(မတွေ့ရသေးသည့်တိုင်) နောက်ထပ်တစ်လမ်းတော့ တွေ့မည်ပေါ့၊

ဤခရီးနီးသလားဟုတော့ မမေးလိုပါ၊ နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ခြေလှမ်းတိုင်းသည် လျှောက်သော လမ်းပေါ်မှာ အတတ်နိုင်ဆုံး မြဲမြံနေစေဖို့ပဲ အားထုတ်ချင်ပါသည်၊ မည်သို့ဆိုစေ...ကျနော်တို့ လျှောက်နေကြရ ပါဦးမည်။ ။



IMG_1197a


IMG_1196a


IMG_1198a


IMG_1204a



ညီလင်းသစ်
၉ ဒီဇင်ဘာ၊ ၂၀၀၈

07 December 2008

မီးခိုးစီးကြောင်း



အလင်းထုဟာ
ခပ်ပါးပါး တိုက်စားခံရတုန်း
သင်္ချိုင်းတွင်းက ပြန်ထလာတဲ့မီးခိုးတွေ
ညရီတရောမှာ တမ်းချင်းတွေသီလို့ပေါ့၊

ကလီစာမကောင်းတဲ့
အနက်ရောင်လမ်းမပေါ်
ခပ်ကိုင်းကိုင်းမီးတိုင်တွေက ရွှေဝါရောင်တွေအန်လို့
တကယ်တော့
မြေဝါဝါလမ်းကလေးပေါ်မှာလည်း
အနုပညာတရပ် ဖြစ်ထွန်းနိုင်ပါရဲ့ကွယ်
လိုအပ်တာက
အရောင်တွေကို မေ့ထားဖို့ပါပဲ၊

လမ်းရှိချိန်မှာ ဖုန်ထခဲ့သလို
လမ်းမဲ့သွားချိန်မှာလည်း
အုန်းလက်ကြားက လမင်းကို
သတ္တိရှိရှိ ဖောက်သောက်ရဲရမှာပေါ့၊

(ညီမလေးရယ်...)
ရွာသွန်းခဲ့ချိန်တွေကို မေ့မပစ်ပါနဲ့
စိတ်အနာကမ်းပါးတွေကို
ခပ်ကြမ်းကြမ်းသာ ပခုံးချင်းယှဉ်တိုက်ခဲ့ပစ်လိုက်
ပင်လယ်က ရင်ဖွင့်ကြိုပါလိမ့်မယ် ။ ။


ညီလင်းသစ်
၆ မေ၊ ၁၉၉၇



ဒီနေ့စာအုပ်အဟောင်းတွေ ပြန်ကြည့်ရင်း ဒီကဗျာလေးကို သွားတွေ့တာနဲ့ အမှတ်တရတင်လိုက်ပါတယ်၊ ဒီကဗျာလေး စိတ်ကူးထဲစတင် ဝင်ရောက်လာပုံလေးကို အမှတ်ရနေမိတယ်၊ အဲဒီနေ့ညက ကျနော်တို့သူငယ် ချင်းတွေ ညလုံးပေါက်ဂစ်တာတီး ကြတယ်၊ နေရာက R.I.T ကျောင်းဝင်းရှေ့မှာ...၊ ကျနော်နားထောင်နေတဲ့ အလှည့်မှာ ကျောင်းရှေ့က မာကျူရီမီးတိုင်တွေအောက် အလင်းတွေ ခပ်ဖြာဖြာကြားမှာ စကားလုံးတွေဟာ ချိတ်ဆက်ပြီး ကခုန်ဝင်ရောက်လာခဲ့တယ်၊ ဝါကြန့်ကြန့်အလင်းပွဲတော်မှာ စကားလုံးတွေရဲ့ Performance art တင်ဆက်မှုက လှလိုက်တာဆိုတာ.... ....၊ ကျနော့်မှာ ပါးစပ်အဟောင်းသားနဲ့ မှင်သက်လို့၊ နောက်မှ သတိရလို့ ကမန်းကတန်းနဲ့ မှီသလောက်လေး လိုက်မှတ်ရတယ်၊

အဲဒီညမှာ ကျနော်ဘာကို တွေးနေခဲ့တာလဲ၊ ဘယ်သူ့အကြောင်းကို စဉ်းစားနေခဲ့တာလဲ၊ အခုပြန်စဉ်းစားတော့ မမှတ်မိတော့ဘူး၊ ဒီနေ့အထိပါလာတာကတော့ စကားလုံးတွေရဲ့ အကစည်းချက်မှာ လှိုက်ကနဲ လှုက်ကနဲ ရင်ဘတ်ကြီးတစ်ခုလုံး ပြုတ်ကျခဲ့ရတယ် ဆိုတဲ့အသိလေးပါပဲ။ ။

27 November 2008

Alice's Adventures Under Ground

We lived beneath the mat
Warm and snug and fat
But one woe, and that
Was the cat!

To our joys, a clog
In our eyes a fog
On our hearts a log
Was the dog!

When the cat's away
Then the mice will play
But, alas! one day (so they say)
Came the dog and cat,
Hunting for a rat,
Crushed the mice all flat,
Each one as he sat
Underneath the mat
Warm and snug and fat
Think of that!


Lewis Carroll
(1832 - 1898)

25 November 2008

ရေ...ပြီးတော့ ရေ...ပြီးတော့ ရေ


မနေ့ညနေက အပတ်စဉ်လုပ်နေကျ ဖြစ်တဲ့ Seminar ကိုသွားတက်ဖြစ်တယ်၊ ကျနော်အလုပ်လုပ်တဲ့ faculty မှာ တနင်္လာနေ့ညနေတိုင်း Engineering Seminar တွေရှိပါတယ်၊ တကယ်တော့ အဲဒီ seminar အများစုကို ကျနော်မတက်ချင်ဘူး၊ တချို့ဟာတွေက သက်ဆိုင်ရာ research field အလိုက်အတော် အသေးစိတ်နိုင်တော့ ကိုယ့်မှာ အခြေခံမရှိရင် ဘာမှနားမလည်ဘူး၊ ဒီတော့ အဲလိုဟာတွေသွား နားထောင်ရတာ အချိန်ကုန်တယ်၊ ပြီး တော့ ကျနော့် lab မှာလည်းလုပ်စရာတွေက တပုံကြီးပဲ၊ ဒါပေမယ့် ဌာနက professor ကအဲဒီ seminar တွေ ကိုသွားနားထောင်စေချင်တယ်၊ ကိုယ်လုပ်နေတာနဲ့ မပတ်သက်ပေမယ့် သူများတွေဘယ်လိုလုပ်တယ် ဆိုတာ သိရမယ်၊ ပြီးတော့ ချဉ်းကပ်ပုံ အိုင်ဒီယာလည်း ရနိုင်တယ်ပေါ့၊ ဒီတော့လည်း သွားဖို့ကြိုးစား ရတာပေါ့လေ...၊

မနေ့ညနေကတော့ အတော်စိတ်ဝင်စားဖို့ ကောင်းတယ်၊ ရေအကြောင်းပါ၊ ခေါင်းစဉ်က Virtual Water and Water Management တဲ့၊ Speaker က Stanford University မှာ နှစ်ပေါင်းများစွာ ပရော်ဖက်ဆာ လုပ်ခဲ့ပြီး အခုလက်ရှိ Zurich တက္ကသိုလ်မှာလည်း စာသင်နေတဲ့ Dr.A. Zehnder ဖြစ်ပါတယ်၊ သူပြောသွားတဲ့ facts and figures တချို့ကိုတော့ ကျနော်သိပြီးသားပါ၊ ဒါပေမယ့် ရေရဲ့ virtual aspect ကနေ ပြောသွားတာတချို့ ကစိတ်ဝင်စားစရာပဲ၊ ဥပမာ-ရေကို လိုအပ်မှုဟာ တိုက်ရိုက်တင်မဟုတ်ဘဲ တဆင့်ခံအနေနဲ့ ဘယ်လောက်အထိ အသုံးဝင်တယ်ဆိုတာ မျိုး...အာလူး တစ်ကီလိုရဖို့ဆိုရင် ရေ ၆၃၆ လီတာလိုအပ်တယ်၊ ပေါင်မုန့် တစ်ကီလို ဆိုရင် ရေ တစ်ကုဗမီတာ (1m3) သုံးမှ ထုတ်လုပ်နိုင်တယ်...အစ ရှိသဖြင့်ပေါ့၊

ရေကိုဖောဖောသီသီ အသုံးနိုင်ဆုံး နိုင်ငံတွေကတော့ အားလုံးသိကြတဲ့အတိုင်း USA, Australia, Argentina, France, Canada တို့ပေါ့၊ ဒီနိုင်ငံ ၅ နိုင်ငံက ရေရယ်၊ ရေကြောင့်ဖြစ်တဲ့ စိုက်ပျိုးရေးရယ်မှာ ပိုပိုလျှံလျှံ ရှိတယ်၊ သူတို့လို မကြွယ်ဝတဲ့ နိုင်ငံတွေကတော့ အစားအသောက်ကို တင်သွင်းရတာပေါ့၊ အဲဒီမှာ စိတ်ဝင်စားဖို့ ကောင်းတာ က အဲဒီတင်သွင်းတဲ့ အသီးအနှံတွေနဲ့ အတူပါလာတဲ့ ဘေးထွက်ဆိုးကျိုးပါ၊ စိုက်ပျိုးရေးမှာ နိုက်ထရိုတ်၊ ဖေါ့စဖိတ်နဲ့ ပိုတက်စီယမ်တို့ အများဆုံးအသုံးပြုတယ်၊ ဒီတော့ အဲဒီဒြပ်ပေါင်းတွေက အသီးအနှံ တွေမှာ ပါလာရော၊ ပြီးတော့ စွန့်ပစ်လိုက်တဲ့ လူ့အညစ်အကြေးကတဆင့် မြေအောက်ရေ၊ မြစ်ချောင်းထဲကို ရောက်သွားရော၊ အဲဒီအခါ ဟင်းသီးဟင်းရွက် တင်သွင်းခဲ့တဲ့ နိုင်ငံတွေခမျာ ရေမလောက်ငှတဲ့ ကြားထဲ ရှိတဲ့ အဲဒီ ရေလေးပါ ညစ်နွမ်းရပြန်ပါရော၊ အချိန်မီ မသန့်စင်ဘူးဆိုရင် ရေနေသတ္တဝါနဲ့ အပင်တွေ သေကြေကုန်မှာ ဖြစ်ပါတယ်၊

အရှေ့တောင်အာရှနဲ့ ပတ်သက်ပြီး သူပြသွားတဲ့ slide တစ်ခုမှာတော့ ရေရှားပါးမှုကို ရင်ဆိုင်နေရတာတော့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံပါ၊ သူတို့မှာရှိတဲ့ မြစ်တွေကို ဆည်ဖို့လိုက်ရင်တော့ ဒီပြဿနာကို ရှင်းနိုင်မှာဖြစ်ပေ မယ့်လက်တွေ့မှာ မဖြစ်နိုင်ပါဘူး၊ ဒေသတွင်းမှာတော့ ရေနဲ့ပတ်သက်ပြီး မစိုးရိမ်ရသေးတဲ့ နိုင်ငံနှစ်ခုကတော့ မြန်မာနဲ့ထိုင်း ဖြစ်ပါတယ်၊ ဒီနိုင်ငံနှစ်ခုက တခြားအိမ်နီးချင်းတွေနဲ့ စာရင် စိုက်ပျိုးရေးအတွက် ရေလိုအပ်မှုကို ပံ့ပိုးပေးနိုင်တုန်းပါပဲ၊ ဒါပေမယ့် သူရထားတဲ့ အချက်အလက်တွေက ဘယ်တုန်းကလဲဆိုတာ ကျနော်မသိဘူး၊ အခုလက်ရှိကာလမှာ မှန်ချင်မှမှန်နိုင်ပါတယ်၊ ကျနော်သိထားသလောက် ဧရာဝတီ မြစ်ရေတင်စီမံကိန်းတွေ ကြောင့် မြစ်ကြောင်းကောပြီး သောင်ထွန်းလာနေမှုတွေလိုမျိုး အခက်အခဲတွေရှိတယ်၊ လွန်ခဲ့တဲ့ ၄ နှစ်ကမြန်မာ ပြည်ပြန်တုန်း ကျနော် ရေ sample အချို့ပြန်ယူလာခဲ့သေးတယ်၊ အဲဒီရေတွေကို ဓါတ်ခွဲကြည့်တော့ အင်းလေး ကန်ထဲမှာ ဖော့စဖိတ်နဲ့ ပိုတက်စီယမ် ပျော်ဝင်နှုန်းက အတော်မြင့်မားတာကို တွေ့ရတယ်၊ ကျွန်းမျောစိုက်ခင်း တွေမှာ သုံးတဲ့ဓါတ်မြေသြဇာ တွေကနေလာတာပေါ့၊ ရေရှည်မှာ မကောင်းပါဘူး၊

ဒီနေ့ခေတ်ရဲ့ လူနေမှုပုံစံရယ်၊ စက်မှုထွန်းကားမှုရယ်၊ လူဦးရေတိုးပွားမှုရယ် စတဲ့အကြောင်းတွေကြောင့် ရေ ညစ်ညမ်းလာမှုဟာ နိုင်ငံတိုင်းမှာ ကြုံနေရတဲ့ ပြဿနာတရပ် ဖြစ်ပါတယ်၊ ကျနော်တို့ နောက်မှာလာမယ့် မျိုးဆက်သစ်လေးတွေ အတွက်သန့်ရှင်း၊ ကောင်းမွန်တဲ့ရေ ထားခဲ့ဖို့က အားလုံးမှာ တာဝန်ရှိပါတယ်၊ မဟုတ်ရင် ကိုယ်နေခွင့်ရတုန်း ရှေ့နောက်မကြည့်ဘဲ သုံးဖြုန်းခဲ့ပြီး တကိုယ်ကောင်းဆန်ရာ ကျနေမှာပေါ့၊

ကျနော့်ကို ရေစကားသိပ်ပြောတာပဲ လို့များထင်ကြမလားမသိဘူး၊ ကျနော်ကလည်း ရေထဲကကို မတက်ချင်ဘူး ဖြစ်နေတယ်၊ အားလုံးကို ရေငတ်တုန်း သန့်ရှင်းတဲ့ ရေတွင်းထဲပဲ ကျစေချင်ပါတယ် ။ ။


ညီလင်းသစ်
၂၅ နိုဝင်ဘာ၊ ၂၀၀၈

18 November 2008

Autumn


Autumn (1)
IMG_1311a
Focal length 36 mm
Exposure 1/125
Aperture f/10
ISO 100


Autumn (2)
IMG_1318a
Focal length 55 mm
Exposure 1/200
Aperture f/10
ISO 100


Autumn (3)
IMG_1308a
Focal length 42 mm
Exposure 1/50
Aperture f/5
ISO 200


Autumn (4)
IMG_1286a
Focal length 47 mm
Exposure 1/100
Aperture f/8
ISO 400


Autumn (5)
IMG_1305a
Focal length 55 mm
Exposure 1/40
Aperture f/5.6
ISO 200


Autumn (6)
IMG_1324a
Focal length 53 mm
Exposure 1/125
Aperture f/8
ISO 100

13 November 2008

ရေ (a) Water (a) De l'eau

အခေါ်အဝေါ်နဲ့ နေရာဒေသတွေ ဘယ်လိုပဲ ပြောင်းပြောင်း တကမ္ဘာလုံးက သူ့ကိုလိုအပ်ပါတယ်၊ တကယ့်ကို မရှိ မဖြစ်လိုအပ်တာပါ၊ ဒါပေမယ့် လိုအပ်တိုင်းလည်း လိုသလောက်ရကြပါရဲ့လား...၊ ရတဲ့အခါမှာလည်း သန့်ရှင်း ကောင်းမွန်တဲ့ အရည်အသွေးနဲ့ ပြည့်စုံရဲ့လား၊

ကမ္ဘာပေါ်မှာ ရေလေးတစ်ပေါက်တောင်မှ ဝဝလင်လင် မသောက်ရတဲ့လူတွေ သိန်းသန်းချီရှိပါတယ်၊ ရေရဲ့ pH ၊ ရေမှာပါဝင်သင့်တဲ့ minerals ၊ Total Suspended Solids (TSS) လို့ခေါ်တဲ့ အမှုန်အမွှား ကင်းစင်မှု၊ စတာ တွေကို စဉ်းစားဖို့ဝေးလို့...ရေလို့ခေါ်ဖြစ်ရုံ လောက် အရည်လေးရရင်ကိုပဲ ကျေနပ်နေရတဲ့လူတွေ အများကြီးပါ၊

UNDP ရဲ့စာရင်းတစ်ခုအရ အမေရိကားလို နိုင်ငံမှာတော့ လူတစ်ယောက် တစ်နေ့ ပျမ်းမျှရေအသုံးပြုနှုန်းဟာ လီတာ ၆၀၀ နီးနီးရှိသတဲ့၊ ကမ္ဘာပေါ် မှာအများဆုံးပါပဲ၊ သူ့နောက်မှာတော့ သြစတြေးလျ၊ ပြီးတော့ ဥရောပ နိုင်ငံတွေ၊ ပြီးမှ တရုတ် အိန္ဒိယတို့က ၇၅-၁၀၀ လီတာခန့် နဲ့အလယ်မကျတကျ လိုက်ပါတယ်၊ ဒါ..တော်တော့်ကို နည်းနေပါပြီ၊ ဟိုး....အောက်ဆုံးကတော့ ရဝမ်ဒါ၊ ယူဂမ်ဒါ၊ မိုဇမ်ဘစ် စတဲ့ အာဖရိကနိုင်ငံတွေ...၊ သူတို့ရဲ့ လူတစ်ယောက် ပျမ်းမျှ တစ်နေ့သုံးနှုန်းက ၅ လီတာကနေ ၁၅ လီတာခန့်ပဲ ရှိပါတယ်၊ လူသားတစ် ယောက် အသက်ရှင်နေထိုင်မှုအတွက် လိုအပ်တာထက် အများကြီးနည်းပါတယ်၊

ဒီဖက်နှစ်တွေမှာတော့ တချို့လူတွေ ရေအရင်းအမြစ်အကြောင်းကို စပြီးသတိပြု၊ ဂရုစိုက်လာပါပြီ၊ သွားတိုက်နေစဉ်မှာ ရေဘုံဘိုင်ကို ပိတ်ထားတာတို့၊ ရေချိုးကန်ထဲ ရေတွေအများကြီးထည့်ရမယ့် Bath အစား၊ Shower နဲ့ရေချိုးတာတို့၊ မလိုအပ်ဘဲ ရေကိုမသွန်တာတို့ စသဖြင့်ပေါ့၊ ဒါပေမယ့်ကမ္ဘာ့လူဦးရေအချိုးနဲ့စာရင် အရမ်းနည်းပါသေးတယ်၊ တကယ်တော့ လူသားတွေသုံးနိုင်တဲ့ ရေချိုက ကမ္ဘာ့ရေထု စုစုပေါင်းရဲ့ ၃% ပဲရှိတာပါ၊ ဒါပေမယ့် ရေသံသရာလည်မှုဖြစ်စဉ်ရဲ့ အကျိုးဆက်ကြောင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာ ကတည်းက ဒီရေ ၃% ကိုပဲသုံးလာခဲ့ကြတယ်၊ ပြောရရင်တော့ ဒီနေ့ခင်ဗျား ထမင်းစားအပြီး သောက်လိုက်တဲ့ ရေဟာ ပုဂံခေတ်တုန်းက ကျန်စစ်သားမင်း ကြီး ချိုးခဲ့ဖူးတဲ့ ရေအချို့လည်း ကောင်းကောင်းကြီး ဖြစ်နေနိုင် ပါတယ်၊ တကယ်ပါ၊

ဒီကနေ့ တိုးပွားလာတဲ့ ကမ္ဘာ့လူဦးရေ၊ အဆမတန် များပြားလာတဲ့ ကုန်ထုတ်လုပ်မှု၊ စတာတွေကြောင့် တချိန် က ကျနော်တို့ဘိုးဘွားတွေ ဖောဖောသီသီ သောက်သုံးခွင့် ရခဲ့တဲ့ အဲဒီရေ ၃% ကိုကျနော်တို့ ကျပ်ကျပ် တည်း တည်း ခွဲဝေသုံးနေရပြီ၊ ဒီကြားထဲကမှ အဲဒီရေကလေးကို ကျနော်တို့ တန်ဖိုးထားပြီး မသုံးဘူးဆိုရင် သိပ်မဝေးတဲ့ကာလမှာ ရေအကျပ်အတည်းတွေ ဆက်တိုက်တွေ့လာရမှာ သေချာပေါက်ပါပဲ၊ ကဲ မိတ်ဆွေ ကော.....ဒီနေ့ရေကို အလဟဿမဖြစ်အောင် သတိလေး မပြုလိုက်ချင်ဘူးလား။ ။


ရေအသက် တမနက်...
IMG_1418a


Water is life...
1 284a


De l'eau, c'est la vie...
EOS 10a



ညီလင်းသစ်
၁၃ နိုဝင်ဘာ၊ ၂၀၀၈

09 November 2008

ကျနော်နှင့်ထိုရောဂါ


အခုပြန်တွေးကြည့်တော့ ဘယ်တုန်းကတည်းက ကျနော့်မှာ အဲဒီရောဂါရသွားလဲဆိုတာ တိတိကျကျ မမှတ်မိတော့ဘူး၊ အချိန်အားဖြင့် ဒီနှစ်ပိုင်းအတွင်းမှာပဲ ဆိုတာတော့ သေချာတယ်၊ ကျနော့်အထင် မသကာ ရှိလှ ၆ လအောက်ပေါ့၊ အခုတော့ အဲဒီရောဂါက တော်တော့်ကို အမြစ်တွယ်နေပြီလို့ ပြောရတော့မယ်၊

ကျနော့်သူငယ်ချင်းတွေထဲမှာလည်း ဒီရောဂါရှိတဲ့သူတွေ ရှိတယ်၊ ဒီတုန်းကတော့ သူတို့တွေမှာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ်ဆိုတာ မျိုးပဲ၊ သူတို့ကို ကြည့်ရင်း ကျနော်ကတော့ သိပ်နားမလည်ခဲ့ဘူး၊ ဒါပေမယ့် အေးအေးဆေးဆေးပါပဲ၊ ကူးစက်ရောဂါလည်းမဟုတ်တော့ သူတို့နဲ့ လက်ပွန်းတတီး သွားလာနေခဲ့တာပေါ့၊ ကိုယ့်ရဲ့ ကိုယ်ခံအားနဲ့ သူတို့ရဲ့ကိုယ်ခံအားကလည်း တူမှမတူတာကိုး...၊

အခုတော့ ကျနော်လည်း သူတို့နေရာရောက်နေခဲ့ပြီ၊ ကျနော်ပြန်စဉ်းစားကြည့်တယ်၊ ဘယ်လိုဖြစ်လို့ ငါ ဒီပိုးဝင်သွားတာပါလိမ့်...လို့၊ အစောကြီးကတည်းက မရဘဲ အခုကျမှ ဘယ်လိုဖြစ်လို့ ဒီရောဂါက ကိုယ့်ဆီရောက်လာခဲ့ရတာလဲ၊ ကျနော်သုံးသပ်လို့ ရသလောက်ကတော့ ရောဂါရဲ့ အသွင်အပြင်ပြောင်းသွား တာကြောင့်ပဲ ဖြစ်လိမ့်မယ်၊ ဒါ့ကြောင့်လဲ ကျနော့်လိုပဲ မထင်မှတ်ဘဲ အလစ်အငိုက် ခံလိုက်ရတဲ့သူတွေတဖြည်း ဖြည်းနဲ့ များလာနေခဲ့တာနေမှာ၊ အင်းလေ...အခုပုံစံအတိုင်းဆိုရင် ကူးစက်ရောဂါတောင် ဖြစ်လာနိုင်ပါရဲ့...၊

ကျနော်အခုပြောနေတဲ့ ရောဂါက WHO မှာတောင် classified မလုပ်ရသေးပါဘူး၊ အကြောင်းကတော့ တဦး တစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားမှု၊ ကျွမ်းကျင်လိမ္မာမှု၊ ငွေကြေးတတ်နိုင်မှု စ,တာတွေပေါ် မူတည်လို့ ရောဂါ ပြန့်နှံ့ပုံက ကွဲသွားလေ့ ရှိလို့ပါပဲ၊ ဒီရောဂါရဲ့ နာမည်က တခြားတော့ အထွေအထူးမဟုတ်ပါဘူးဗျာ၊ DSLR Addicted Disease လို့ကျနော်ခေါ်ချင်တဲ့ Digital Single-Lens Reflex camera တွေကို စွဲလန်းနှစ်သက်တဲ့ ရောဂါပါပဲ၊ ဟုတ်တယ်ဗျာ...ကျနော်တော့ DSLR addicted ဖြစ်နေခဲ့ပြီ၊

အရင်တုန်းက ကျနော့်သူငယ်ချင်းတွေ ဖလင်ထည့်ရိုက်ရတဲ့ ကင်မရာတွေနဲ့ အရူးထနေတုန်းက ကျနော်က အေးအေးဆေးဆေး နေခဲ့နိုင်တယ်၊ ရိုက်ပြီးရုံနဲ့ မပြီးသေးဘဲ ဖလင်ဆေးဦး၊ ကူးဦး စ,တဲ့ အဆင့်တွေနဲ့ လေးလံ ကြာရှည်လှတဲ့ အဲဒီကင်မရာကြီးတွေက ကျနော့်ရဲ့ စိတ်ကို မညွတ်နူးစေခဲ့ဘူး၊ ရိုက်မယ့်လူဖက်က ပညာရပ်ကို တစုံတရာ အတိုင်းအတာအထိ နားလည်ထားဖို့ကလည်း လိုသေးတာကိုး၊ ပြီးတော့ ရိုက်ချက်တွေအပေါ်မှာ ကိုယ်က အနုပညာ ကွန့်မြူးလိုက်ပေမယ့် Result ကချက်ချင်းမှ မသိရတာ...၊ အခုတော့ DSLR ကအဲဒါတွေ အားလုံးကို ချန်ထားဖြတ်တက်ခဲ့ပြီလေ၊ လုပ်ပိုင်ခွင့်တွေ အများကြီးပိုလာသလို အဖြေကို ချက်ချင်းသိခွင့်၊ ချက် ချင်းအမှား ပြင်ဆင်ခွင့် စ,တာတွေလည်း အပြည့်ပါပဲ၊

အဲဒီလိုနဲ့ DSLR ရဲ့အလှမှာ ကျနော်လည်း ရုန်းမထွက်နိုင် ဖြစ်ခဲ့ရတယ်ပေါ့ဗျာ၊ သူ့ မာယာတွေရဲ့အောက် ကျနော့်မှာ နေ့နဲ့ညတွေ မှားလို့၊ စားလည်းသူ့စိတ် သွားလည်း သူ့စိတ်နဲ့ အစွဲလန်းကြီးစွဲလန်း ခဲ့တာပါပဲ၊ အဲဒီလို မွတ်သိပ်တမ်းတမှုတွေရယ်၊ ပြန်အိပ်မရတဲ့ တရေးနိုးအိပ်မက် တွေရယ် ပေါင်းစပ်လွန်းမက ပေါင်းစပ်သွားတဲ့အခါမှာတော့ ‘ ဟေ့..ဒီမှာ DSLR, မင်းကိုစပြီး ချစ်မိကတည်းက ပိုင်ဆိုင်ဖို့အတွက်ပဲ ချစ်ခဲ့တာ ကွ ’ ဆိုပြီး လူကြီးစုံရာတွေ ဘာတွေ စောင့်မနေတော့ဘဲ ကျနော်တစ်ယောက် တည်း သွားပြီး DSLR တစ်လုံး ဝယ်လိုက်တော့တာ ပါပဲ၊ အင်း..ဝယ်ရတော့တာပေါ့လေ၊ ခိုးပြေးတာတို့၊ ကားတင် ပြေးတာတို့မှ လုပ်လို့ မရဘဲ၊ အရောင်းဆိုင်မှာ ဗီဒီယိုကင်မရာတွေ၊ လုံခြုံရေးအစောင့်တွေက များပါဘိသနဲ့...၊

အခုတော့လည်း ဓါတ်ပုံအကြောင်းကို အချိန်ရှိသရွေ့ စဉ်းစားနေချင်တယ်၊ ဒီလိုအလင်းဆို ဘယ်လိုရိုက်လိုက် မယ်၊ ဒီနေရောင်နဲ့ဆိုရင် Exposure ကိုဘယ်လောက်ထားမှ သင့်မှာပဲ၊ ဒါမျိုးဆိုရင်တော့ Flash သုံးတာထက် ISO ကိုနဲနဲ ပိုတင်လိုက်တာ ကောင်းမလားပဲ...စသဖြင့်ပေါ့ဗျာ၊ ပုံလေးတွေကို ဘလော့ဂ်မှာတင်တဲ့အခါ လာ ကြည့်တဲ့သူတွေ ရှိတော့လည်း စိတ်ချမ်းသာရတာပေါ့၊ ကျနော်တို့ငယ်ငယ်က ကင်မရာနဲ့ ပတ်သက်ရင် အဖေ ပြောလေ့ရှိတာလေးကို သွားသတိရတယ်၊ ‘ လူတစ်ယောက်ကိုမုန်းရင် ကင်မရာတစ်လုံး ဝယ်ပေးလိုက်ပါ ’ တဲ့၊ တွေ့ကရာ လျှောက်ရိုက်၊ ကူးလိုက်၊ ဆေးလိုက်၊ ထပ်ရိုက်လိုက်နဲ့ အဲဒီလူ မွဲသွားမယ်ပေါ့ဗျာ၊ အခု digital ခေတ် မှာတော့ မမှန်တော့ပါဘူး၊ ဝယ်တဲ့အခိုက်မှာတော့ အမျိုးအစားပေါ် မူတည်လို့ ဈေးများကောင်းများနိုင်ပေမယ့် နောက်ပိုင်းမှာ စိတ်ချမ်းသာရဖို့ များပါတယ်၊ ကျနော့်ရဲ့ ချစ်ရပါသော DSLR လေးနဲ့ ကျနော်ကတော့ ရှေ့သွား နောက်လိုက် ညီညီပါပဲ။ ။


ညီလင်းသစ်
၉ နိုဝင်ဘာ၊ ၂၀၀၈

02 November 2008

Flying


A Solo Fly...
IMG_1334a
Focal Length 55.0 mm
Exposure 1/4000
Aperture f/5.6
ISO 100


Flying for daily bread...
IMG_1338a
Focal Length 55.0 mm
Exposure 1/200
Aperture f/8.0
ISO 100

Born to fly...
IMG_1337a
Focal Length 55.0 mm
Exposure 1/400
Aperture f/7.1
ISO 100

Flying to rest, Resting to fly...
IMG_1351a
Focal Length 55.0 mm
Exposure 1/200
Aperture f/10.0
ISO 100

15 October 2008

Geneva Lake in different layers


In a pleasant day... ...

Focal length 20 mm

Exposure 1/160
Aperture f/8.0
ISO 100
Under the cloudy sky... ...

Focal length 55.0 mm
Exposure 1/200
Aperture f/10.0
ISO 100

In a misty morning... ...

Focal length 33.0 mm
Exposure 1/50
Aperture f/5.6
ISO 200


By night (with Evian)... ...

Focal length 55.0 mm

Exposure 6

Aperture f/5.6

ISO 1600

06 October 2008

အပါးတော်မြဲ



ကောင်မလေးရေ...
ငါဟာ လူသားတစ်ယောက်
မဖြစ်နိုင်ခဲ့ရင်
ရွှေကြိုးတစ်မျှင်တော့ ဖြစ်ချင်ရဲ့၊
မင်းရဲ့ ညာခြေကျင်းဝတ်မှာ လှဲလျောင်း
ဆူး, ညှောင့်ခလုတ်တွေ အတူကျော်လွှားရင်း
ငါ လျောင်းစက်ရာ အရေပြားလွှာအောက်
တောက်လျှောက်စီးဆင်းနေမယ့်
သွေးကြောတို့ရဲ့ တိုးဝှေ့ကျီစယ်မှု
ရင်ခုန်ခံစားရင်းနဲ့
မင်းရဲ့ခြေတစ်လှမ်း
ကုဋေတစ်သန်း တန်စေချင်တဲ့
ရွှေကြိုးကလေး အဖြစ်နဲ့ပေါ့၊

ကောင်မလေးရေ...
ငါဟာ လူသားတစ်ယောက်
မဖြစ်နိုင်ခဲ့ရင်
ပိုးကောင်လေးတစ်ကောင်တော့ ဖြစ်ချင်ရဲ့၊
မျက်ဝန်းတစုံရဲ့ စက်ကွင်းအောက်
ခေါက်တုံ့ပျံသန်းရင်း
အတောင်ပံတွေ အင်အားမဲ့ချိန်
ကျေနပ်စွာ ခုန်ချလိုက်မကွဲ့
အသေခံ လေသူရဲတို့ရဲ့
စိတ်ဓါတ်မျိုးနဲ့ပ၊
ကြည်လဲ့လဲ့နစ်မြုပ်မှုထဲ
သိမ်မွေ့စွာ ကူးခတ်ရင်း
မြတ်နိုးမှုတဒင်္ဂရဲ့ အလွန်မတော့
မင့်မျက်ဝန်းအိမ် ဂူဗိမာန်ထဲ
ငါ့ရဲ့ဝိညာဉ် အပ်နှင်းခဲ့မယ်၊

ကောင်မလေးရေ...
ငါဟာ လူသားတစ်ယောက်
မဖြစ်နိုင်ခဲ့ရင်
‘သန်း’ ကလေးတစ်ကောင်တော့ ဖြစ်ချင်ရဲ့၊
ခပ်ဖွာဖွာ ဆံပင်တောထဲ
မြတ်နိုးဖွယ် ဆံနွယ်ဒန်းကို ယီးလေးခိုလို့
မင်းရဲ့ တွေးခေါ်မှုတွေပေါ်လမ်းလျှောက်
နူးညံ့စွာ ခြေဖျားထောက်လို့ပေါ့၊
ငါ့အတွက် ဖြစ်တည်မှု
မင်းအတွက် ရှက်စရာ
(ဒီလိုဆိုရင်တော့)
ခပ်ကြမ်းကြမ်းဝင်ရောက်လာမယ့်
ဘီးစိပ်တစ်ခုရဲ့အဖျား
ပြတ်သားစွာ လိုက်သွားလိုက်မကွဲ့
ပေးဆပ်ဖို့ဆိုတာ
ကြိုတွေးပြီးသားပါကွယ်၊

ကောင်မလေးရေ...
ငါဟာ သက်ရှိဘဝတစ်ခု
မရခဲ့တောင်
တစ္ဆေတစ်ကောင်အဖြစ် ရောင့်ရဲနိုင်ပါတယ်၊
မင်းရဲ့ ဖြစ်တည်မှုအတွက်
ရဲဝံ့စွာ ကာကွယ်ရင်း
နေအလင်းရဲ့အောက်မှာ သက်တော်စောင့်
လမင်းရဲ့အောက်မှာ အိပ်ဖန်စောင့်ပေါ့၊
နှစ်ခြိုက်စွာအိပ်နေမယ့် မင်းအပါး
ကြည်မွေ့စွာ ခ,စားရင်း
(လူ သိပ်မသိတဲ့)
ဘယ်ဖက်မျက်ခုံးထဲက
အိမ်တွင်းပုန်း မှဲ့ကလေးနဲ့အတူ
သက်တမ်းရှိသရွေ့
ဖြတ်သန်းသွားနိုင်ပါတယ် ကောင်မလေးရယ်...။ ။


ညီလင်းသစ်
၆ အောက်တိုဘာ၊ ၂၀၀၈

30 September 2008

ကျနော်နှင့် ထိုနေ့လယ်ခင်းများ



၁၉၉၂ မှာ ကျနော် ၁၀ တန်းအောင်တော့ အစပိုင်းကာလတွေမှာ ဘာလုပ်လို့ လုပ်ရမှန်း မသိဘဲ ယောင်ချာချာနဲ့...၊ အဲဒီကာလတွေမှာ တက္ကသိုလ်တက်မယ့် ကျောင်းသားတွေက တောင်လိုပုံလို့၊ စုံစမ်းကြည့်တော့ ကျနော်လည်း နောက် ၂ နှစ်လောက်ကြာမှ တက်ရမယ်လို့ သိရတယ်၊ ဒါနဲ့ ဟို သင်တန်းတက်ရနိုးနိုး ဒီသင်တန်းတက်ရနိုးနိုး ဟိုအလုပ်ဝင်လုပ်ရနိုးနိုး ဒီအလုပ်ဝင်လုပ်ရနိုးနိုးနဲ့ ဖြစ်နေတုန်း ကျနော်တို့ သူငယ်ချင်းတွေ စုပြီးဖွင့်တဲ့ ဗီဒီယိုအခွေအငှားဆိုင်လေးမှာ ထိုင်ဖို့ဖြစ်လာခဲ့ တော့တယ်၊

ဆိုင်ကိုအတူရှယ်ယာထည့် ဖွင့်တဲ့သူငယ်ချင်းအားလုံး နီးပါးက နေ့လည်ဆို အလုပ်လုပ်တဲ့ကောင်နဲ့ သင်တန်းတက်တဲ့ကောင်နဲ့ ဘယ်သူမှ မအားကြဘူး၊ လောလောဆယ် အားနေတာက ကျနော်ဆို တော့ နေ့ပိုင်းဆိုင်ထိုင်ဖို့ ကျနော်ပဲ တာဝန်ယူလိုက်တယ်၊ အဲဒီကာလတွေတုန်းက ကျနော်ကဆံပင် ကိုအရှည်ထားပြီး ကိုယ့်ကိုယ်ကို တေးရေးဆရာတဝက်၊ ကဗျာဆရာတဝက် ရောထားတဲ့ကောင် လို့ စိတ်ကြီးဝင်နေချိန်ပေါ့...၊ ဆံပင်ရှည်ကလည်း ကျောင်းတုန်းကတည်းက ထားချင်နေတာ၊ ဒါပေ မယ့် အိမ်ကရော ကျောင်းကပါ တားမြစ်ထားတာနဲ့ မြိုသိပ် စောင့်စားနေ ခဲ့ရတာ၊ ဆယ်တန်း အောင်စာရင်းလည်းထွက်ရော ဘာပြောကောင်းမလဲ၊ အဲဒီနေ့က ဆံပင်ဒီမိုကရေစီ ရတဲ့နေ့ ဖြစ် သွားရော... ...၊

ဗီဒီယိုအခွေဆိုင်က နေ့ခင်းပိုင်းဆိုရင် ဘယ်သူမှ လာမငှားဘူး၊ ဒီတော့ အထက်မှာ ပြောခဲ့တဲ့ကဗျာ ဆရာနဲ့တေးရေးဆရာကို 50း50 ရောထားတဲ့ ဆံရှည်ကိုယ်တော်ကအကြိုက်ပေါ့၊ ဂစ်တာတစ်လက် ရယ်၊ ဘောပင်တစ်ချောင်းရယ်၊ စာရွက်တစ်ထပ်ရယ်နဲ့ သူ့နေ့လယ်ခင်းတွေကို ပူပူလောင်လောင်ပဲ မျိုချလေ့ ရှိတယ်၊ တခါတလေ သီချင်းလေး တပိုင်းတစ၊ တခါတလေ ကဗျာလေး တပိုဒ်နှစ်ပိုဒ်နဲ့ အဲဒီလို ကျနော်တစ်ယောက်တည်း မွေ့လျော်တဲ့ နေ့လယ်ခင်းတွေကို မျက်စိကျတဲ့ သူတစ်ယောက် ပေါ်လာတယ်၊ ဇော်မင်း…..၊

ဇော်မင်းက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်၊ သူက ဆယ်တန်းကို ကျနော်နဲ့ အတူတူအောင်ပြီး တခါတည်း အဝေးသင် တန်းတက်လိုက်တယ်၊ ပြီးတော့ တဖက်ကလည်း ဟို တယ်ကြီး တစ်ခုမှာ အလုပ်ဝင်လုပ်တယ်၊ ပြောရရင် ဇော်မင်းက တော်တော်ဖြောင့်တယ်၊ အသား ဖြူဖြူ နှာတံပေါ်ပေါ် မျက်လုံးတောက်တောက်နဲ့...၊ ကောင်မလေးတွေ သဘောကျနိုင်တဲ့ ရုပ်ရည် ပိုင်ရှင်ဆိုပါတော့၊ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒါနဲ့ ပြောင်းပြန် ဇော်မင်းက ချစ်သူတစ်ယောက် မှ မရှိရှာဘူး၊ သူ့ဖက်က တဖက်သတ် လိုက်ကြိုက်တဲ့ ကောင်မလေးတွေ တော်တော်များများတော့ ရှိပါတယ်၊ ခက်တာက သူက ချိန်လိုက်တာနဲ့ တဖက်က တခြားတစ်ယောက်နောက်ကို ပါသွားတာ များတယ်၊

သူငယ်ချင်းတွေက သူ့ကို ‘ မင်းက ရူပါပဲ ရှိတာ၊ ဗျူဟာမှ မရှိဘဲကွ ’ လို့စ,လေ့ ရှိပါတယ်၊ အဲဒီအခါ ဇော်မင်းက ‘ ငါကိုယ်နှိုက်က အချစ်ကံခေလွန်းတဲ့ အသည်းကွဲ သမားကြီးပါကွာ ’ လို့ ပြန်ချေပလေ့ ရှိတယ်၊ ဒါပေမယ့် ပျော်ပျော်ပါပဲ၊ တကယ်ကတော့ သူကဒီလောက်ကြီးလည်း အလေးအနက် မဟုတ် ပါဘူး၊ လူငယ် ဘာသာဘာဝ ပါးပါးလေး ဖြတ်သန်းရုံ သက်သက်ပါ၊ တခါမှာတော့ ဇော်မင်း ကို ကျနော် ကဗျာတိုလေးတစ်ပုဒ် ရေးပေးဖူးတယ်၊ ကောင်မလေး တစ်ယောက်ကို ပေးချင်တယ် ဆိုလို့၊ တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကောင်မလေးနဲ့လည်းတွေ့ရော သူကြောက်ပြီး မပေးရဲ တော့ဘူး၊ ကျနော်တို့က ဒီအကြောင်းကိုကြားပြီး ရယ်တော့ သူက ‘ ငါ ပေးမှာပါကွ မင်းတို့က လည်း၊ ငါက အချိန်ယူနေ တာ၊ ထိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ်တဲ့သဘော ပေါ့ကွာ ’ လို့ပြော တယ်၊ ဒါပေမယ့် ကျနော့် စိတ်ထင် သူ့ဆင်က ချောက်ကမ်းပါးစွန်းမှာ နောက်လှည့် ရပ်နေခဲ့ပုံရ တယ်၊ အဲဒီတစ်လှမ်း ဆုတ်ပြီး ကတည်းက လုံးဝမမြင်ရတော့ဘူး၊

အဲဒီ ဇော်မင်းက နေ့လယ်နေ့ခင်းတွေမှာ ကျနော်သီချင်းတွေ၊ ကဗျာတွေ လက်တည့်စမ်းနေတာကို အကွက်ကောင်း တွေ့သွားတယ်၊ သူက ကျနော့်ကဗျာတွေကို သူကြိုက်ကြောင်း၊ သီချင်းတွေဟာ လည်းသံစဉ်ဟာ နားမှာချက်ချင်း စွဲသွားစေကြောင်း စသဖြင့်ကျနော့်ကို မြှောက်ပေးတယ်၊ ပြီးတော့ မှ သူတွေ့လာတဲ့ ကောင်မလေးတွေကို ပေးဖို့ ဟိုဟာရေးခိုင်း၊ ဒီဟာရေးခိုင်း လုပ်တယ်၊ ကျနော်က လည်း သူပြောတာတွေ မဟုတ်မှန်းသိသိကြီးနဲ့ သဘောတွေကျလို့...၊ သူတောင်းဆိုလာရင် လက် တည့်စမ်းဖို့ အသင့်၊ ကျနော့်မှာ နေ့လယ်ခင်းတွေ လုံလုံလောက်လောက် ရှိတယ်လေ၊ တခါကျ တော့ သူ့အလုပ်က ကောင်မလေးအကြောင်း ကျနော့်ကို ပြောပြပြီး သီချင်းတစ်ပုဒ် ရေးခိုင်းပြန် တယ်၊ အဲဒီကောင်မလေးကို သူဆိုပြချင်လို့ ပါပေါ့လေ၊ အလုပ်မှာ ဂစ်တာမရှိဘာမရှိနဲ့ သူဘယ်လို ဆိုမလဲ တော့မသိဘူး၊ ဖြစ်ချင်တော့ အဲဒီတခေါက်မှာ ကျနော်ကလည်း မုဒ်မဝင်တော့ တော်တော်နဲ့ သီချင်းမပြီးနိုင်ဘူး၊ နောက်ဆုံး မနည်းကို ကြိုးစားပြီး ရေးလိုက်ရတယ်၊ ဒါပေမယ့် ထုံးစံအတိုင်း ကျနော်တို့ရဲ့ ဇော်မင်းက အဖျားရှူးသွား တာပါပဲ၊

တစ်ရက်မှာတော့ သူက ဆိုပြန်တယ်၊ သူတို့ ရုံးနားမှာ ကောင်မလေးတစ်ယောက်ကို သူတွေ့ပြန်ပြီ တဲ့၊ ကောင်မလေးက ပါဂျဲရိုး အမြဲစီးတယ်တဲ့၊ အဲဒီခေတ်တုန်းက အခုလို ပရာဒိုတို့၊ လင်န်းခရုဆာ တို့ သိပ်မရှိသေးဘူး၊ ပါဂျဲရိုးတွေ ခေတ်စားနေချိန်ပေါ့၊ အဲဒီ ပါဂျဲရိုးပေါ်က ကောင်မလေးကိုသူတော် တော်ကြွေနေပြီ ဆိုတဲ့အကြောင်း၊ ဒီတခါတော့ တကယ်အတည်ဖြစ်ကြောင်း၊ သူ့မှာ သတ္တိတွေရှိနေ ပြီဖြစ်လို့ ကဗျာလေးတစ်ပုဒ်တော့ ပေးချင်ကြောင်း စသဖြင့် ဖွဲ့ကာနွဲ့ကာနဲ့ ပြောပြီး ဇော်မင်းက ကျ နော့်ကို ကဗျာတောင်းပြန်ရော၊ အရင့်အရင် အခေါက်တွေတုန်းကလည်း ဒီလိုပဲပြောပြီး နောက်ဆုံး မှာဘာမှ ဖြစ်မလာတာ ကျနော်တို့ သူငယ်ချင်းအားလုံး အသိပါ၊ ဒါပေမယ့် ဇော်မင်းကိုကျနော်လုံးဝ စိတ်မဆိုးပါဘူး၊ သူမပေးတာက သူ့အပိုင်း၊ သူ့နှလုံးသား ကိစ္စ၊ ကျနော် မထိခိုက်ပါဘူး၊ ကျနော့်အ တွက်က ကဗျာတွေသီချင်းတွေ အဖတ်တင်လို့ ပိုတောင်ကောင်းသေးတယ်၊

ဒါနဲ့ ကဗျာရေးပေးမယ်လို့ သူ့ကိုကျနော် ကတိပေးလိုက်တယ်၊ ဒီတခါတော့ ကျနော် ဇော်မင်းကို နောက်ချင်နေမိတယ်၊ သူ့ကို ကတိပေးထားတဲ့ အတိုင်းလည်း ကဗျာပေးရအောင်၊ ဒီအဖြစ်အပျက် လေးကိုလည်း အမှတ်တရဖြစ်သွားအောင်၊ သူ့ကိုလည်း နောက်ရအောင် ရည်ရွယ်ပြီးကျနော်ကဗျာ တစ်ပုဒ် ချရေးလိုက်တယ်၊ ဒီကဗျာကိုလည်း ထင်တဲ့အတိုင်း သူမပေးဖြစ်ပါဘူး၊ ဒါပေမယ့်ကျနော် တို့ကြားမှာတော့ အမှတ်တရလေး တစ်ခုဖြစ်ခဲ့တယ်၊ အဲဒီတုန်းကနေ့လယ်ခင်းတွေကို အခုပြန် တွေးတော့ လွမ်းမိပြန်တယ်၊ တကယ်ပါပဲ…၊ ပူစပ်ပူလောင် နေ့လယ်ခင်းတွေကို တဝတပြဲ မျိုမျိုချ ပြီး လတ်ဆတ်စိမ်းစိုတဲ့ ပေါ့ပါးပျော်ရွှင်မှုတွေ ပြန်ပြန်အန်ထုတ်ခွင့် ရခဲ့တဲ့ကာလတွေပါပဲ ။ ။


ပါဂျဲရိုးစီးတဲ့ကဗျာ

နောက်ဆုံးပေါ် အဆင်အသွေးနဲ့
ယဉ်ကျေးနေတဲ့ကားထဲမှာ
နင့်ကို တွေ့ပြီးကတည်းက
ငါ့ နှလုံးသား
ရုံးမသွားဘဲ အိုဗာတိုင်ဆင်းခဲ့ရပြီ၊

ပါဂျဲရိုးနဲ့ ငါ
ဘယ်လိုမှ မနီးစပ်တော့လည်း
နင်စီးတဲ့ ပါဂျဲရိုး
တိုးဝှေ့နေတဲ့ ဘတ်စ်ကားထဲကငေး
အဝေးရောက်တဲ့ အထိပေါ့၊

ပါဂျဲရိုးရဲ့ပြတင်း
လတစ်စင်းသာချိန်ကို
ဖူးတွေ့ချင်လို့
မူးမေ့မှာတောင် မကြောက်ဘဲ
အရူးဓလေ့လို
ပြေးလိုက်ဖူးပါရဲ့
ဒါပေမယ့် ဂီယာဆစ်များပြောင်း
အားကောင်းလှတဲ့ ပါဂျဲရိုး
“ နိုး နိုး နိုး ” တဲ့
သရော်သွားလေရဲ့၊

တကယ်တော့
နင်သာ ငါ့ဘေးရောက်ခဲ့ရင်
ပါဂျဲရိုးပေါ်က ချစ်သူ
‘ ၄၅ ’ အလယ်ခုံမှာ
ငယ်ဂုဏ်ညှိုးနေတာ
မမြင်ရက်ပါဘူး
ဒါပေမယ့်
ယှဉ်တွဲကာ အတူရပ်
ကားကျပ်တဲ့အရသာ
ဘဝမှာ ခံစားချင်စိတ်ကလည်း
ဖိမရ
ကဲ...
ဒွိဟတွေနဲ့
မရှင်းတတ်တော့လို့
မိုက်ဇတ်ရိုက်တဲ့ ဒါရိုက်တာ
ပါဂျဲရိုးနဲ့သာ
တိုက်သတ်လိုက်ပါတော့ကွယ်။


ညီလင်းသစ်
၃၀ စက်တင်ဘာ၊ ၂၀၀၈

25 September 2008

အသိအမှတ်ပြုမှု



ဒီနေ့ သတင်းစာကို ဟိုဟိုဒီဒီ လျှောက်လှန်နေရင်းနဲ့ သတင်းတိုလေးတစ်ပုဒ် ကိုအမှတ်မထင်မြင် လိုက်တယ်၊ ကော်လံ ၂ ကော်လံစာနဲ့ စာကြောင်းရေ ၇ ကြောင်းလောက်ပဲ ရှိတဲ့အဲဒီသတင်းလေး ကဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး၊ ဗုံးထောင်ထားတယ်လို့ သတင်းအမှားကို ပေးတဲ့အ တွက် လူတစ်ယောက် အရေးယူခံရ တဲ့သတင်းပါ၊

ဖြစ်တာက မနေ့က၊ ဇူးရစ်ခ်(Zurich) မြို့မှာ...၊ အသက် ၅၉ နှစ်အရွယ် လူတစ်ယောက်က ကုန် တိုက်ကြီး တစ်ခုအတွင်းမှာ ဗုံးရှိပါတယ် ဆိုပြီး ရဲဌာနကို အကြောင်းကြားသတဲ့၊ ဒီတော့ ရဲက လည်းထိတ်ထိတ် ပြာပြာနဲ့ ကုန်တိုက်ထဲမှာ ရာနဲ့ချီပြီး ရှိနေတဲ့ လူတွေကို ဘေးကင်းရာကို ထွက်ခိုင်းတယ်၊ ပြီးတော့မှ သူတို့ရထားတဲ့ သတင်းဟာ သတင်းအမှားဆိုတာ သိသွားတော့ အဲဒီ သတင်းပေးတဲ့ အမျိုးသားကို အရေးယူဖို့ ပြင်တယ်၊ အများပြည်သူ ထိတ်လန့်စေမှု ပေါ့လေ၊ ဇတ်လမ်းက ဒါပါပဲ၊ ဒါဖြင့် အဲဒီလူက ဘယ်လို ရည်ရွယ်ချက်နဲ့ အခုလို လုပ်ကြံဖန်တီးထားတဲ့ သတင်းကို ပေးရတာလဲ၊ သူ့အဖြေက ရှင်းရှင်းလေးပါပဲ၊ အဲဒီနေ့ဟာ သူ့မွေးနေ့ ဖြစ်ပြီး သူဟာမွေး နေ့နှုတ်ခွန်းဆက်စကား တွေကို စောင့်နေခဲ့ပါတယ်-တဲ့၊ ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းစွာနဲ့ပဲ ဘယ် သူတဦး တစ်ယောက်ကမှ သူ့မွေးနေ့ကို သတိမရကြဘူး၊ ဒါနဲ့ စိတ်ပျက်ကြေကွဲ မှုတွေရဲ့အဆုံး သူ ဟာအခုလို သတင်းမှားကို ထုတ်လွှင့်လိုက်တယ်၊ ဒီနည်းအားဖြင့် ဒီနေ့ဟာ သူ့မွေးနေ့ ဖြစ်ကြောင်း၊ သူဟာ သက်ရှိထင်ရှား ရှိနေတဲ့ မွေးနေ့ရှင်တဦး ဖြစ်ကြောင်း လူတွေသိစေဖို့ ရည်ရွယ်ပါတယ်-တဲ့၊

‘ အသိအမှတ်ပြုမှု ’...၊ ဒီစကားလုံးလေးဟာ တိုတောင်းကျစ်လစ် လှပေမယ့် သူပါဝင်ပတ်သက်နေ တဲ့နယ်ပယ်ကဏ္ဍကတော့ ကျယ်ပြောလွန်းလှတယ်၊ အသိအမှတ်ပြုမှုဟာ ကျနော်တို့ရဲ့ လူနေမှု ဘဝတွေထဲမှာ အရေးပါလှတဲ့ အမူအကျင့်တရပ် ဖြစ်ပါတယ်၊ လူဟာ အထီးတည်းနေတဲ့ သတ္တဝါ မဟုတ်တဲ့အတွက် တဦးနဲ့တဦး အပြန်အလှန် အသိအမှတ်ပြုမှုဟာ အရေး ကြီးတယ်၊ လူမှု ဆက်ဆံရေး နယ်ပယ်မှာ ဖြစ်စေ၊ နိုင်ငံရေးနယ်ပယ်မှာ ဖြစ်စေ၊ စီးပွားရေးနယ်ပယ်မှာ ဖြစ်စေ ဒီ အသိအမှတ်ပြုမှုဟာ အောင်မြင်ရေး လမ်းစရဲ့ ပထမဦးဆုံးသော တခါးပေါက်လည်း ဖြစ်ပါတယ်၊ တကယ်တော့ အသိအမှတ်ပြုမှု ဆိုတဲ့စကားစုရဲ့ နောက်ကွယ်မှာ လေးစားခြင်း၊ ခင်မင်ခြင်း၊ ယုံကြည်အားထားခြင်း၊ ချစ်ခြင်း စတဲ့ စိတ်သဘောထား၊ ခံစားမှုတွေဟာ ကြောင်းကျိုးဆက်နွယ်ပြီး ပါလာလေ့ ရှိတယ်၊ ဒါ့ကြောင့်လည်း ခင်မင်ခြင်း၊ ချစ်ခြင်းဟာ နွေးထွေးတဲ့ နေချင့်စဖွယ် အိမ်လေး တစ်လုံးဆိုရင် အဲဒီအိမ်ထဲကိုဝင်ရောက်ဖို့အတွက် အသိအမှတ် ပြုမှုဆိုတဲ့ တံခါးပေါက်ကို အရင် ဦးဆုံးခေါက်ဖို့ လိုပါလိမ့်မယ်၊

အသိအမှတ်ပြုမှု ရဲ့ဆန့်ကျင်ဖက်ကတော့ ဥပေက္ခာပါ၊ လူမှုပတ်ဝန်းကျင်မှာ အခြေခံအဆင့် ဖြစ်တဲ့ အသိ အမှတ်ပြုခြင်းကို သိသိကြီးနဲ့ ရှောင်လွှဲလိုက်တယ် ဆိုရင်တော့ အဲဒါကို ဥပေက္ခာပြုခြင်းလို့ သတ်မှတ်ရမှာပါပဲ၊ ဒီအဆင့်ကို ရောက်ခဲ့ပြီဆိုရင်တော့ ရင်ကြားစေ့ ဖျန်ဖြေရေး ဆိုတာ တော်တော့်ကို ခဲယဉ်းသွားပြီ လို့ပဲဆိုရမှာပါ၊ ဒီနေ့ဖြစ်နေတဲ့ နိုင်ငံနဲ့ချီတဲ့ အကျပ်အတည်းတွေမှာ ဖြစ်စေ၊ တဦးတစ်ယောက်ချင်းစီရဲ့ နေ့စဉ်ဘဝ အခက်အခဲ တွေမှာဖြစ်စေ သူ့ရဲ့ယုံကြည်ချက်ကို ကိုယ်ကအသိအမှတ်မပြုလို့၊ ကိုယ့်ရဲ့ ရပ်တည်ချက်ကို သူကအသိအမှတ် မပြုလို့ စတဲ့အသေးဆုံး အချက်လေးတွေကစပြီး နောက်ဆုံးမှာ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ဖက် ဖြစ်သွားကြတဲ့ သာဓကတွေ အများကြီးရှိပါတယ်၊

လူ့လောကထဲမှာ နေတဲ့လူသားတစ်ယောက်ဟာ သူနဲ့မျိုးတူ အခြားလူသားတွေရဲ့ အသိအမှတ် ပြုခြင်းကို ခံယူ လိုတာက သဘာဝကျပါတယ်၊ ဒီစိတ်ဟာ ကျနော်တို့ဆီမှာ ကလေးဘဝ ကတည်း က ဖြစ်တည်၊ ကိန်းအောင်းနေ ခဲ့တာ ဖြစ်ပါတယ်၊ လူမှန်းသိတတ်စ ကတည်းက အဖေ အမေရဲ့ အသိအမှတ်ပြုမှုကို အငိုနဲ့အရယူခဲ့သလို ကြီးလာတော့လည်း ကစားဖော်တွေရဲ့ အသိ အမှတ်ပြုမှုကို လိုချင်တာပါပဲ၊ ဒါ့ကြောင့်လည်း ကလေးတွေကစားကြ တဲ့အခါ နဲနဲငယ်သေးတဲ့ ကလေးတစ်ယောက်က အကြီးတွေနဲ့ အတူတူဝင်ကစား ချင်တယ်ဆိုရင် အကြီးတွေက ထမင်းချိုး ဟင်းချိုး ဆိုပြီး သူ့ကိုပါဝင်ခွင့် ပေးလိုက်လေ့ရှိတယ်၊ ဒီကလေးဟာ ငယ်သေးတဲ့အတွက် ကောင်း ကောင်း မကစားနိုင်ပေမယ့် သူ့ရဲ့ပါဝင်ခွင့်ကို ကလေးကြီးတွေက ဒီနည်းနဲ့ အသိအမှတ်ပြု ရပါ တယ်၊ ရဲရင့်တည်ကြည်ပြီး လူတောတိုးရဲတဲ့ လူတစ်ယောက်ဖြစ်ဖို့ရာမှာ သူ ငယ်စဉ် ကလေးဘဝ တုန်းက သူ့မိဘ၊ သူ့ပတ်ဝန်းကျင်က သူ့ကို ဘယ်လောက်နေရာပေးခဲ့လဲ၊ သူ့ရဲ့ဖြစ်တည်မှုကို ဘယ်လောက်အသိအမှတ်ပြုခဲ့လဲ ဆိုတဲ့ပေါ်မှာလည်း မူတည်နေလေ့ ရှိပါတယ်၊

ဂရုမစိုက်တာ၊ အသိအမှတ်မပြုတာဟာ ရန်စခံရတာ၊ အမုန်းခံရတာထက် ပိုဆိုးပါတယ်၊ တစုံတယောက်ကို မုန်း တယ်ဆိုရင်တောင် ယုတ်စွအဆုံး သူ့အပေါ်မှာ ခံစားချက်တစုံတရာ ရှိပါသေးတယ်၊ နှစ်လိုဖွယ်ရာခံစားမှုမဟုတ် သည့်တိုင် အမုန်းဟာ ဥပေက္ခာထက်စာရင် မျှော်လင့်နိုင်စရာ လမ်းစလေးတွေ ရှိသေးတယ်၊ နားလည်မှုဆိုတဲ့ လေပြေလေးသာ ညင်ညင်သာသာ တိုက်ခတ်မယ်ဆိုရင် အမုန်းဟာ သစ်ရွက်ပါးပါးလေး တစ်ရွက်လိုပါပဲ၊ လေ အဝေ့မှာ မြောက်ကနဲ လွင့်ပြီး အချစ်ဖက်အခြမ်းနဲ့ သိမ်မွေ့စွာ ပြန်ကျလာနိုင်ပါတယ်၊ အသိအမှတ်မပြုခြင်းက တော့ဒီလို မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊ ကိုယ့်ရဲ့ ယုံကြည်ချက် ဆိုတာတွေကို တဖက်သားက ဂရုလည်းမစိုက်၊ စိတ်လည်းမဝင်စားတဲ့ နောက်တော့ သူနဲ့ကိုယ်နဲ့ကြားမှာ နားလည်မှု တည် ဆောက်ဖို့၊ သူနဲ့ ခင်မင်ရင်းနှီးလာဖို့ ဆိုတာ မလွယ်နိုင်ပါဘူး၊ ပတ်ဝန်းကျင်က အသိအမှတ်ပြုခြင်း မခံရတဲ့ လူတစ်ယောက်ဟာ အဲဒီပတ်ဝန်းကျင်မှာ ရှင်လျက်နဲ့ သေနေသလိုပဲ၊ အဲဒီအခါ လူစွမ်းလူစ ကျဆင်းလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ယုတ်လျော့လာ ပါတော့တယ်၊

ဒီလိုအရေးကြီးလှတဲ့ လူ့ပတ်ဝန်းကျင်ဆိုင်ရာ အမူအကျင့်ကို နေ့စဉ်ဘဝမှာ တခါတလေ ကျနော်တို့ အမှတ်မဲ့စွာ ဖြတ်သန်းမိတတ် ပါတယ်၊ အနောက်တိုင်း ထုံးစံမှာတော့ အပြုအမူလေးတခု၊ ချီးမွမ်းစကားလေးတခု၊ သေးငယ် တဲ့လုပ်ဆောင်ချက်လေး တခုကအစ ‘ Thank you ’ ဆိုတဲ့ အသိအမှတ်ပြုစကားနဲ့ တုံ့ပြန် တတ်ကြတယ်၊ အခြေအနေနဲ့ အချိန်အခါကို လိုက်လို့ တဖက်သားအပေါ်မှာ မိမိရဲ့ နှစ်သက်ကျေနပ်မှု၊ အပြန်အလှန် လေးစား မှု၊ လူအချင်းချင်း ဂရုတစိုက်ရှိမှု စတာ တွေကိုပေါ်လွင်စေတဲ့ ဒီစကားစုလေးဟာ သာမန် ကျေးဇူးတင်ပါတယ် ဆိုတဲ့အဓိပ္ပါယ်ထက် နက်ရှိုင်းကျယ်ဝန်း တတ်ပါတယ်၊ အသိအမှတ်ပြုမှုကို ရိုးရိုးလေးနဲ့ ဖော်ပြတာ ပါပဲ၊

မြန်မာ့ဓလေ့မှာတော့ သားနဲ့အဖေကြားမှာ၊ ဇနီးနဲ့ခင်ပွန်း ကြားမှာ၊ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းနှစ်ယောက်ကြား မှာ ‘ ကျေးဇူးတင်တယ် ’ လို့ပြောဖို့ကျတော့ အတန်ငယ် သူစိမ်းဆန်ကောင်း ဆန်နေနိုင်ပါတယ်၊ ဒါပေမယ့် မိမိ ရဲ့ အသိအမှတ်ပြုမှုကို ဖော်ထုတ်ဖို့ တခြား နည်းလမ်းတွေ ရှိပါတယ်၊ ဥပမာ-ညစာထမင်းဝိုင်းမှာ ခင်ပွန်းက ဇနီးသည်ကို ‘ ဒီညစာ အတွက် ကျေးဇူးတင်တယ်ကွာ ’ ဆိုရင် ထောင့်တောင့်တောင့်နဲ့ သူစိမ်းဆန်သယောင်ရှိ ပေမယ့် ‘ မင်းဒီနေ့ ချက်တဲ့ ချဉ်ရည်ဟင်းက အတော့်ကို ထမင်းမြိန်စေတာပဲ၊ ငါးသလဲထိုး ကြော်လေးနဲ့ တွဲလိုက် တော့ ကိုယ်ဖြင့် ဘယ်လိုစားလို့ကောင်းမှန်း မသိဘူးကွာ ’ ဆိုရင် ခင်ပွန်းရဲ့ အသိအမှတ်ပြုမှုဟာ ဇနီးသည်ရဲ့ နှလုံးသားကို နူးညံ့ကျေနပ်စေမှာပါ၊ ထို့အတူ...ပုံမှန်အချိန်ထက် နဲနဲစောပြန် လာတဲ့သားကို အဖေကမသိလိုက် မသိဖာသာ နေမယ့်အစား ‘ ဟော...သားတောင် ပြန်လာပြီ၊ ကောင်းတယ်ကွာ...ဒီညချမ်းကတော့ အဖေတို့ မိသားစုတွေ စုံစုံညီညီရှိမယ့် ညချမ်း ပဲဟေ့ ’ လို့ ပြောနိုင်ပါတယ်၊ သားအပေါ်မှာထားတဲ့ အဖေ့ရဲ့အလေးဂရုပြုမှု ဟာ လှလှပပ ပေါ်လွင် စေတာပေါ့၊ ဒ်ီလိုမျိုး စကားလေးတွေက ပြောရမှာ ဘာမှအပန်းမကြီးသလို၊ လူတိုင်းလည်း ပြောနိုင်ပါတယ်၊ တကယ်တော့ ကိုယ့်ပတ်ဝန်းကျင်ဟာ ကိုယ်ဖြစ်ထွန်း ရှင်သန်ရာ ကိုယ့်ရဲ့ ဥယျာဉ်လေးပါပဲ၊ ကိုယ့် ပတ်ဝန်းကျင်က အပင်ကြီးငယ်တွေ စိုစိုပြေပြေရှိဖို့ဆိုတာ ကိုယ်,ကိုယ်တိုင်က ရေလောင်း ပေါင်းသင်ပေးဖို့ လိုတာပေါ့၊

တခုတော့ ရှိပါတယ်၊ ဒီလို အသိအမှတ်ပြုတဲ့ စကားတွေကို နှလုံးသားဗလာကျင်းပြီး ဝတ်ကျေတန်း ကျေပြောရင်တော့ အပြောခံရသူက ဒါကိုဘာမှခံစားရမှာ မဟုတ်သလို ကိုယ်ကိုယ်တိုင်ကလည်း စိတ်မပါတဲ့ အရာတခုကို ထုံးတမ်းစဉ်လာလို လုပ်နေရတဲ့အတွက် စိတ်ညစ်ညူးမိနိုင်ပါတယ်၊ ဘယ်သူ့အတွက်မှ မကောင်း ပါဘူး၊ အကောင်းဆုံးကတော့ ကိုယ့်အပေါ်မှာ ပတ်ဝန်းကျင်ရဲ့ ပြုမူပုံလေးတွေကို သတိကပ်ပြီးကြည့်မယ်ဆိုရင် ကိုယ့်နှလုံးသား ကနေ အဲဒီလုပ်ရပ်အပေါ် အသိအမှတ်ပြုတဲ့ တကယ့်စကားလေးတစ်ခွန်း သူ့အလိုလို ထွက်ကျလာပါလိမ့်မယ်၊

သူ့မွေးနေ့ကို လူတွေအသိအမှတ်ပြု စေချင်လွန်းလို့ ဗုံးသတင်းအမှားကို ပေးခဲ့တဲ့ ဇူးရစ်ခ်မြို့က လူအကြောင်း ဖတ်ရင်းနဲ့ ကျနော်လည်း အတွေးတွေ သီနေခဲ့မိတယ်၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အသိအမှတ် ပြုမှုတွေ များလာတာနဲ့အမျှ ကျနော်တို့ရဲ့ တခုတည်းသော ကမ္ဘာကြီး ဟာလည်း တဖြည်းဖြည်း ပြန်လည်ကျန်းမာ လာပါလိမ့်မယ်၊ ကျနော့်ရဲ့ ဒီပို့စ်လေးကို လည်း ဒီစာကြောင်းရောက်တဲ့အထိ အသိအမှတ် ပြုပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား ။ ။


ညီလင်းသစ်
၂၅ စက်တင်ဘာ၊ ၂၀၀၈

23 September 2008

ပန်း

တကယ်တော့ ကျနော်က ရုက္ခဗေဒနဲ့ သိပ်နီးစပ်တဲ့လူတော့ မဟုတ်ပါဘူး၊ ပန်းဆိုရင်ဂေါ်ဖီပန်း လောက်ကိုပဲ စိတ်ဝင်တစားနဲ့ ရှိနေတတ်တဲ့လူမျိုး...၊ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ အတွက် မိမိနှစ်သက်ရာ ဘာသာရပ်တွေကို နံပါတ်စဉ်တပ်ပြီး ချရေးရတော့ ရုက္ခဗေဒ ဘာသာရပ်ကိုကျနော် နောက်ဆုံးမှ ချရေးဖြစ်တယ်၊ ပန်းတွေကို ကျနော်သေသေချာချာ မသိပေမယ့် အရောင် အသွေးစိုတဲ့ ပန်းလေးတွေကိုတော့လည်း စိတ်ဝင်စားပြန်ပါတယ်၊

သူတို့တွေကို ကျနော်က အရောင်စပ်ဟပ်ပုံ ရှုထောင့်ကနေ ပိုစိတ်ဝင်စားဖြစ်ပါတယ်၊ ဒီတော့လည်း ခရီးသွားတုန်း ဟိုတကွေ့ ဒီတကွေ့ တွေ့မိတဲ့အခါ ဟိုတစ်ပွင့် ဒီတစ်ပွင့် ရိုက်ဖြစ်တယ်ပဲ ဆိုပါတော့ လေ...၊ နေရောင်ခြည်ရတုန်းလေး အလုအယက် ပွင့်ရတဲ့ သူတို့ခမျာ အလှပေါ်အယဉ်ဆင့်ချိန်က သိပ်တော့ မရှည်ကြာလှပါဘူး၊ အချိန်မတိုင်မီ စောစီးစွာ ရောက်လာတတ်တဲ့ ဆောင်းကြိုအအေး ဒဏ်ရဲ့ လက်ကြမ်းကြီးတွေ အောက်မှာ နွမ်းလျော့ မှိန်ဖျော့စွာနဲ့ တိတ်တဆိတ် ထွက်ခွာသွား ရလေ့ရှိပါတယ်၊ ရိုက်ထားတာတွေ အခုပြန်ကြည့်တော့လည်း သူတို့လေးတွေ ပျော်ရွှင်နေတဲ့ အဲဒီခဏတာလေးကို ပါမြင်ယောင် မိပြန်ရော...၊















ပွင့်ချိန်က မကြာပါဘူး၊ ဒါပေမယ့် သူတို့အလှဆုံး ပွင့်သွားခဲ့ကြတယ်...။ ။


ညီလင်းသစ်
၂၃ စက်တင်ဘာ၊ ၂၀၀၈

16 September 2008

စာသင်ခန်း



အရောက်အပေါက်နည်းတဲ့
ခြေသံအချို့တဝက်နဲ့
အခန်းတံခါးကို ဆွဲအဖွင့်
“ ဝမ်းစာတဖက် ပညာတဖက်နဲ့
ဘဝကို စလွယ်သိုင်းပြီး
အရိုင်းစိတ် ဝင်ကုန်ပြီလား ” တဲ့၊
ကျောက်သင်ပုန်းက
သူ့ပါးစပ်ကို
တအားဖြဲပြီး အော်နေတယ်၊

ဘဝရဲ့ခတ်ကွင်းထဲမှာ
ဒုက္ခနဲ့ အလီလီနာကျင်ပျော်ပါးလို့
မီးကျိုးမောင်းပျက် အသိသညာလေးနဲ့
ကတိမ်းကပါး မဖြစ်ခင်
“ မျှော်လင့်ချက်ကိုသာ ချွတ်ချလိုက်ရင်
မိမွေးတိုင်း ဖမွေးတိုင်းကလွဲပြီး
ဘာကျန်မှာလဲ ” တဲ့၊
………………………………
………………………
တိတ်ဆိတ်မှုဟာ ခေါင်းလောင်းထိုးပြီး
ရောက်လာတယ်၊

အမှိုက်စတွေ ရှုပ်ပွကျန်ရစ်... ...
သူ့ရင်ခေါင်းကိုသော့ခတ်ပြီး
သင်ခန်းစာတွေအားလုံး
အိမ်ပြန်သွားတဲ့ ညနေ... ။ ။


(ဝေမိုးအောင်
ဇန်နဝါရီနောက်ဆုံးနေ့၊ ၂၀၀၃)

10 September 2008

မွန်းတည့်ချိန်၏သွားများ (၂)

ကျနော်တို့သွားခဲ့တဲ့ ကျေးရွာလေးနာမည်က Champéry လို့ခေါ်ပြီး၊ တောင်ပေါ်အမြင့်မီတာ တစ်ထောင်ဝန်းကျင်ခန့်မှာ တည်ရှိပါတယ်၊ Switzerland မှာရှိတဲ့ တောင်ပေါ်ရွာလေးတွေရဲ့ ထုံးစံ အတိုင်း ဆောင်းရာသီမှာ Ski စီးသူတွေနဲ့ ပြည့်နေပြီး နွေရာသီမှာတော့ ခရီးကြမ်းစက်ဘီးစီးသူတွေ ရယ်၊ trekking သွားသူတွေရယ်နဲ့ စည်ကားနေတတ်တဲ့ ရွာလေးတစ်ရွာပါပဲ၊ ကျနော်တို့ရောက်တဲ့ အချိန်က Swiss အမျိုးသားနေ့နဲ့လည်း တိုက်ဆိုင်နေတော့ ကျေးလက်အကတချို့နဲ့ ပျော်ပွဲရွှင်ပွဲ တွေလည်း တွေ့ခဲ့ရတယ်၊ အဲဒီတုန်းက ရိုက်ခဲ့တဲ့ပုံအချို့ကို တင်လိုက်ပါတယ်၊ ကြည့်စရာ ရှုစရာပုံ သိပ်မရှိတဲ့ ကျနော့်ဘလောဂ်လေးလည်း နဲနဲ စိုစိုပြေပြေဖြစ်သွားတန်ကောင်းပါရဲ့... ။ ။


Champéry ကျေးရွာ။


ရွာလယ်လမ်းမ...၊ အိမ်တွေမှာထူထားတဲ့ ပြည်နယ်အလံတွေက အမျိုးသားနေ့အထိမ်းအမှတ်အတွက်ပါ၊


သီဆို တီးမှုတ်ဖို့ ပြင်ဆင်နေသော ရွာသားများ...။


ရိုးရာဝတ်စုံကိုယ်စီဖြင့် ကျေးလက်အကဖော်ကျူးနေသည့် champéry ရွာသူရွာသားများ။


တောင်ပေါ်မှာ trekking သွားဖို့အတွက် cable car နဲ့တက်ရပါတယ်၊ ဒီကမှတဆင့် ကိုယ်လျှောက်နိုင်မယ့်လမ်း ကြောင်းကို ရွေးလို့ ၁ နာရီခရီး၊ ၂ နာရီခရီး၊ ၅ နာရီခရီး အစရှိသဖြင့် သွားလို့ရတယ်၊


Cable car ပေါ်ကနေမြင်ရတဲ့ Champéry ရွာမြင်ကွင်း၊ ရွာကနေတောင်ပေါ်ကို အမြင့်မီတာတစ်ထောင်ဝန်း ကျင်လောက်ကွာတယ်၊ ဒါပေမယ့် Cable car နဲ့တက်ချိန်က ၅ မိနစ်ပဲ ကြာပါတယ်။


ဒီလမ်းကြောင်းက ကြာချိန် ၁ နာရီပဲ ရှိပါတယ်၊ ခဲရာခဲဆစ်ကုပ်ကပ် တက်စရာလည်း မလိုဘူး၊ ဒါပေမယ့်အမြင့် ကြောက်တတ်ရင်တော့ ခြေဖဝါးတွေ နဲနဲအေးလာနိုင်တဲ့ ခရီးပါ၊


တောင်ကမ်းပါးယံတွေပြီးရင်တော့ အခုလိုစမ်းချောင်းလေးရဲ့ဘေးမှာလျှောက်ရင်း လွတ်လပ်ကျယ်ပြောတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ သန့်စင်တဲ့လေတွေ တဝကြီးရှူလို့ အဝေးကတောင်တန်းတွေကို ခံစားလို့ရပါပြီ။


ကွင်းပြင်ကျယ်ကြီးထဲမှာ သူလည်း အပူအပင်ကင်းစွာနဲ့ပေါ့၊

တောင်ပေါ်က ကျေးလက်စားသောက်ဆိုင်လေးတစ်ဆိုင်...၊ ဒီဆိုင်က သူတို့ရဲ့ကိုယ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး ခြံကထွက်တဲ့ လတ်လတ်ဆတ်ဆတ်ကုန်တွေနဲ့ လုပ်ထားတဲ့အစားအသောက်တွေကို ရောင်းပါတယ်။


မြို့ပြရဲ့မွန်းကျပ်မှုတွေက ကင်းဝေးရာတောင်ပေါ်ရိုးရာ အိမ်ကလေး...၊


ပုဇွန်ဆီရောင်အလှဖြင့်နာမည်ကြီး Les Dents du Midi (မွန်းတည့်ချိန်၏သွားများ)၊ ဒီနေရောင်ကညနေ ၈ နာရီ ၅၃ မိနစ်မှာရိုက်ထားတဲ့ ဝင်လုဆဲဆဲနေရဲ့ နောက်ဆုံးရောင်ခြည်တန်းတွေပေါ့...။

တခါတရံ မြို့ပြရဲ့မွန်းကျပ်မှုတွေက သိပ်ဖိစီးလာပြီဆိုရင် အခုလိုကျေးလက်ကဓါတ်ပုံလေးတွေက ကျနော့်ကို အတော်အတန် အမောပြေစေပါတယ်၊ မာကျောကြံ့ခိုင်တဲ့ တောင်တန်းကြီးတွေကိုကြည့်ရင်း ရှေ့ဆက်လှမ်းဖို့ ကိုယ့်ကိုယ်ကို တည်ဆောက်ယူဖြစ်ပါတယ်။ ။



ညီလင်းသစ်
၁၁ စက်တင်ဘာ၊ ၂၀၀၈

08 September 2008

ကျနော်နှင့် မန္တလေး


တစုံတယောက်က ကျနော့်ကို ‘ခင်ဗျား မန္တလေးကို ကြိုက်လား’ လို့မေးခဲ့မယ်ဆိုပါစို့၊ ကျနော့် အနေနဲ့တော်တော်ကြာကြာ စဉ်းစားပြီးတော့မှ ‘အင်း...ကြိုက်ပါတယ်’ လို့ ခပ်ဖြေးဖြေးပြန်ဖြေမိမယ် ထင်ပါတယ်၊ ဆရာကြီးမြသန်းတင့်ကတော့ ‘ဖုန်ထူခြင်ကိုက် ပူအိုက်စွတ်စိုတာကလွဲလို့ မန္တလေးကို ကျနော်ကြိုက် ပါတယ်’ လို့ပြောခဲ့ဖူးပါတယ်၊ မန္တလေး... ...မြန်မာနိုင်ငံရဲ့နောက်ဆုံး မင်းနေပြည် တော်ဖြစ်ခဲ့ရာမြို့၊ မြန်မာနိုင်ငံရဲ့ဒုတိယမြို့တော် (အဲ..ဒုတိယမြို့တော်ဟောင်း လို့များခေါ်ရမလား ပဲ၊ ရန်ကုန်က မြို့တော်ဟောင်းဖြစ်သွားတော့ သူကကောလက်ရှိ ဒုတိယမြို့တော်ပဲလား၊ ဒါမှ မဟုတ်တဆင့်ကျပြီး တတိယမြို့တော်ဖြစ်သွားလား)...၊ သူနဲ့ပတ်သက်လို့ ဆရာမြကြီး ပြောသွား တာကိုတော့ ကျနော် သဘောတူပါတယ်၊ အဲဒီမြို့က ကျနော့်ကိုစိတ်ခံစားမှုတွေ တော်တော်ပေးနိုင် တဲ့မြို့ပါပဲ၊

ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးတဲ့ကျနော်က မန္တလေးကို အသက် ၂၃ နှစ်ပြည့်တဲ့အထိ မရောက်ဖူး ပါဘူး၊ တကယ်တော့ ကျနော် ၁၀ တန်းအောင်ကတည်းက မန္တလေးကို သွားချင်နေခဲ့တာပါ၊ ဒါပေ မယ့်ကျနော့်အမျိုးထဲမှာ မန္တလေးမှာနေတဲ့လူ တစ်ယောက်မှမရှိတဲ့အပြင် ဘယ်မန်းသားကမှလည်း ကျနော်နဲ့လာပြီး သူငယ်ချင်းမဖြစ်ခဲ့ပါဘူး၊ ဒီလိုပဲသွားပြီး ဟိုတယ်မှာတည်းဖို့ဆိုတာတော့ ဝင်ငွေ ကောင်းကောင်းမရှိတဲ့ ကျနော့်လိုကောင်အတွက် အိပ်မက်တောင် မမက်ခဲ့ဖူးဘူး၊ မန္တလေးနဲ့ကျနော် နဲ့တပြည်ထဲနေပြီး အဝေးကြီးဝေးနေခဲ့ပုံက အဲဒီလို...၊

ဒီလိုနဲ့ ၂၃ နှစ်ကျော်မှပဲ မန်းသားကြီးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ပြီး သူ့ကောင်းမှုနဲ့မှ ရောက်ခဲ့တော့ တယ်၊ နောက်ပိုင်း ကျနော်ဧည့်လမ်းညွှန်အလုပ်,လုပ်တော့မန္တလေးနဲ့ ပိုပြီးရင်းနှီးလာခဲ့ပါတယ်၊ အဲဒီ လိုကျတော့လည်းရောက်ဖြစ်လိုက်တာ တစ်လထဲမှာပဲ အကြိမ်ပေါင်းများစွာ၊ ဒါပေမယ့်ရောက်တိုင်း လိုလိုမှာ မန္တလေးက ကျနော့်ကိုစိတ်ခံစားမှုမျိုးစုံ ပေးလေ့ရှိတယ်၊ တခါတရံတော့ ကျနော်ဟာအေး အေးလူလူနဲ့ မန္တလေးရဲ့ အငွေ့အသက်မှာ ပျော်ဝင်နေတတ်ပေမယ့် တခါတလေတော့ မန္တလေးမှာ ကျနော်က ကော်တင်ထားတဲ့ပုဆိုး အသစ်စက်စက်ကို ရေမလျှော်ဘဲ ခါးပုံစထုတ်ပြီး ဝတ်ထားရတဲ့ လူလိုပဲ၊ နေရတာ ထောင့်တောင့်တောင့်နဲ့...၊ တခြားမြို့တွေမှာလို တင်းပြည့်ကျပ်ပြည့်မဟုတ်ဘဲ မန္တလေးမှာ ကျနော်ဟာ ပျော်သလိုလို၊ မပျော်သလိုလို၊ တခုခုလိုနေသလိုလို၊ မလို သလိုလို၊ ကြိုက် သလိုလို၊ မကြိုက် သလိုလိုနဲ့...၊ ဈေးသည်က ကိုယ့်ကိုအလေးခိုးထားလိုက်မှန်းသိသိကြီးနဲ့လက် ဆုပ်လက်ကိုင် မပြနိုင်ဘဲ တနုံ့နုံ့နဲ့ အိမ်ပြန်လာရတဲ့ ဈေးဝယ်တစ်ယောက်လိုပဲ ခံစားရလေ့ရှိတယ်၊

မန္တလေးမှာ ကျနော်တို့လို တနယ်သားတွေ ကြုံရတာတစ်ခုကတော့ တက္ကစီပြဿနာပါ၊ ဧည့်သည် တွေနဲ့ ခရီးသွားရတဲ့အတွက် မန္တလေးရောက်ရင် တောင်ခြေက Novotel ဟိုတယ်မှာအများအားဖြင့် တည်းရလေ့ရှိပါတယ်၊ အဲဒီမှာတည်းရတဲ့အတွက် ဧည့်သည်တွေနဲ့ ဟိုတယ်တစ်ခုတည်းဖြစ်လို့ အ လုပ်လုပ်ရာမှာ အဆင်ပြေပေမယ့် မပြေတာက သွားရေးလာရေးပါ၊ တချို့ Tour Program တွေမှာ နေ့လယ်ခင်းကို အားလပ်ချိန်ပေးထားတာ ရှိပါတယ်၊ အဲဒီအခါ ဧည့်သည်တွေက ဟိုတယ်မှာအနား ယူပေမယ့် ကျနော်တို့ကတော့ ရောက်တုန်းရောက်ခိုက် အချိန်အားလေးရတုန်း ဟိုနားဒီနားထွက် လည်ဖို့ ကြံပါတယ်၊ ဒီတော့ စီးစရာက တက္ကစီပေါ့၊ မန္တလေးက တက္ကစီတွေရဲ့ ဈေးနှုန်းဟာတော် တော့်ကိုများပါတယ်၊ ခရီးတိုလေးတစ်ခုကိုပဲ မတန်တဆပေးရတယ်၊ တကယ်တော့သူတို့လည်း မတောင်းချင်ပါဘူး၊ ရန်ကုန်လိုမဟုတ်ဘဲ ဆီကိုအပြင်ကနေဝယ်ရတဲ့အတွက် ဒီလိုမှမတောင်းရင် မ ကာမိလို့ပါလို့ ကားဆရာတစ်ယောက်က ကျနော့်ကိုရှင်းပြ ဖူးပါတယ်၊ ဒီတော့လည်း ရောက်တုန်း ရောက်ခိုက်သွားရအောင် ပေးရတာပါပဲ၊ ဒါပေမယ့် ခက်နေတာက အဲဒီလိုပေးပါ့မယ်ဆိုရင်တောင် တက္ကစီတစ်စီးရဖို့ အတော်ကို မလွယ်တဲ့ကိစ္စပါ၊ စဉ်းစားကြည့်တော့လည်း လူတိုင်းကိုယ်စီက အ နည်းဆုံး စက်ဘီးလေးတစ်စီးတော့ ရှိကြတဲ့မြို့မှာ တက္ကစီရှားတာဟာ သဘာဝကျပါတယ်၊ သက္ကရာဇ် ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ မန္တလေးကျုံးတဝိုက် သဲကြီးမဲကြီးလမ်းလျှောက်နေတဲ့ဧည့်လမ်း ညွှန်တစ်ယောက်ကိုများ အမှတ်တမဲ့တွေ့ဖူးမယ်ဆိုရင် အဲဒါကျနော်ပါပဲ၊

Novotel မှာတည်းတိုင်း ညစာတစ်နပ်ကိုတော့ တောင်ခြေကဆိုင်လေး တစ်ဆိုင်ဆိုင်မှာကျနော်စား လေ့ရှိပါတယ်၊ အဲဒီမှာ ရိုးရိုးစင်းစင်း ထမင်းသုပ်လေးဖြစ်ဖြစ်၊ အာလူးထမင်းလေးဖြစ်ဖြစ် စားရတာ ကိုကြိုက်သလို တခြားသွားဖို့စက်ဘီး၊ ဆိုင်ကယ်မရှိတာလည်း ပါ,ပါတယ်၊ တခါတလေမန်းသား ကားဆရာတွေ စေတနာကောင်းရင်တော့ အကင်တန်းဖက်ကို ရောက်ဖြစ်ပေမယ့် များသောအား ဖြင့်ကတော့ တောင်ခြေပါပဲ၊ တစ်ရက်မှာတော့ ညဖက် ၈ နာရီခွဲလောက် ခြင်္သေ့ကြီးနှစ်ကောင်မျက် စောင်းထိုးက ဆိုင်လေးမှာ ကျနော်တစ်ယောက်ထဲ ထိုင်နေတယ်၊ မြေပဲထမင်းတစ်ပွဲမှာစားရင်း မန္တလေးအကြောင်းကို ကျနော်စဉ်းစားနေမိတယ်၊ ကျနော့်ကိုတွေးစေတဲ့မန္တလေး၊ ငေးစေတဲ့မန္တ လေး၊ အုတ်ကျစ်ကျော်အေးမန္တလေး၊ သီပေါကင်းဝန်တို့ရဲ့မန္တလေး၊ ဒေါ်အမာရဲ့မန္တလေး၊ ဆိုင်ကယ် ကိုခေါင်းထောင်စီးတဲ့မန္တလေး၊ အသားဖြူလာတဲ့မန္တလေး၊ ... ... မန္တလေး၊ ... ... မန္တလေး၊

ထမင်းဆိုင်က ပြန်လာတော့ ကဗျာလေးတစ်ပုဒ် ကျနော်ရေးဖြစ်တယ်၊ ရင်ထဲမှာ နဲနဲတော့ပေါ့သွား သလိုပဲ၊ မန္တလေးအကြောင်းက ပြောမကုန်အောင် ရှိနေမှာပါ၊ သူနဲ့ပတ်သက်ရင်တော့ခပ်လေးလေး စဉ်းစားပြီးမှ `ကြိုက်ပါတယ်’ လို့ခေါင်းညိတ်နေမိ ဦးမယ်ထင်ပါရဲ့ ။ ။


မန္တလေး

ဟိုအရင်တုန်းကတော့
‘သိပ်စကားတတ်တဲ့ကောင်…’ လို့
ညီအစ်ကိုတွေနဲ့ယှဉ်ပြီး အပြောခံရနေကျ
အခုတော့ သူ့မှာ
စကားပီအောင်ကိုပဲ အနိုင်နိုင်ရယ်၊

သူ့ပတ်ဝန်းကျင်မှာ
အသားကင်နံ့တွေ မွှန်ထူနေလည်း
သူကတော့ စတီးလ် ထမင်းချိုင့်လေးကိုပဲ
အာသာငမ်းငမ်း ရှိတုန်း
‘ရွှေသွားတွေမရှိမှတော့ မကိုက်နိုင်ပါဘူး’ တဲ့၊

ဘီးလေးဘီးကို ဂီယာထိုးမစီးနိုင်ပေမယ့်
ဘီးနှစ်ဘီးနဲ့ လေထုညစ်ညမ်းမှုကို သူကာကွယ်နေဆဲ
ဝမ်းမနည်းပါဘူး
အစ,ကတည်းက သူ့အသားကနီစပ်စပ်မှ မဟုတ်ဘဲ-တဲ့၊

တကယ်တော့ သူနေချင်တာက
ဒီလိုမဟုတ်ပါဘူး တဲ့၊
ယဉ်ကျေးမှုကြွေဇလုံထဲ ဝင်စိမ်ရင်း
‘မှန်လှပါဘုရား’ လို့ သွားလေသူကြီးကို
တ, နေချင်သေးတာ၊

အခုတော့
နေ့ချင်းညချင်း ဘောင်းဘီဆွဲချွတ်ပြီး
လုံချည် အတင်းစည်းပေးခံရတဲ့ကောင်လေ၊
ခုန်ပေါက်ပြေးလွှားချင်တိုင်း
ခါးပုံစကို ပြန်ပြန်စမ်းနေရ၊

ရှိသေးတယ်...
သူ့နာမည်နဲ့ ဗြစ်ရည်ကအကောင်းဆုံးပါ ဆိုပြီး
ခဏခဏ နာမည်အလွဲသုံးစားခံရတဲ့ကောင်
လက်တွေ့မှာတော့
အကိုကာလသားတို့ရဲ့ ဥပေက္ခာကို
ခါးစီး ခံနေရသူပါ၊

ဧည့်သည်ပေါင်းစုံ ဝင်,ထွက်နေလည်း
တောမရောက် မြို့မရောက်ကောင်လို့
အကြောင်းသိသူတွေက မေးငေါ့တုန်း၊

အရိုးကွဲအောင်အေးပေမယ့်
အရေစုတ်အောင် ပူတတ်လို့
အပြောင်းအလဲ မြန်လွန်းတဲ့ကောင် တဲ့၊
ဥပုသ်နေ့မနက်ခင်းတိုင်း ဘုရားတော့သွားပါရဲ့
ညနေခင်းကျတော့ ခပ်ထွေထွေရှိပြန်တာမို့
ဗြဟ္မစိုရ်တရားနှစ်ပါး လက်ကိုင်ထားပေမယ့်
‘အစွန်းနှစ်ပါး မလွတ်ဘူး’ လို့ ဝေဖန်ခံရတဲ့ကောင်ပေါ့ ။



ညီလင်းသစ်
၈ စက်တင်ဘာ၊ ၂၀၀၈

05 September 2008

မြို့ကလေးရဲ့ မိုးတိမ်တိုက်



ဝေးဝေးကစိုက်ခင်းစိမ်းစိမ်းတွေမှာ
လေဟုန်စီးနေတာ ကိုယ့်ဝိညာဉ်ပေါ့၊

တပိုင်းသေညနေခင်းတွေမှာ
အနီရောင်နှင်းဆီတစ်ပွင့်နဲ့
ယစ်မူးပါရစေ ကောင်မလေးရယ်...

လေရိုင်းတွေက သူစိမ်းဆန်သွားတဲ့
မစိမ်းတစိမ်း စိုက်ခင်းထဲမှာ
အရိုးကျွတ်ပေါက်ပြားတစ်လက်ကတော့
အလွမ်းပွင့်ဝေဝေနဲ့ ကြေကွဲနေဆဲ

ဝေါဟာရဆင်းရဲတဲ့ မြို့ကလေးရေ...
မင်းရဲ့ကျေးလက်ယဉ်ကျေးမှုတွေကို
ငါ့ကောင်မလေးအား သွန်သင်ပေးပါ
ဆွံ့အအနွေညတွေရဲ့
ချော်ရည်မျက်ဝန်းတွေ
ခြောက်သွေ့သွားစေဖို့ပေါ့ ။ ။


ညီလင်းသစ်
၅ စက်တင်ဘာ၊ ၂၀၀၈

04 September 2008

စိတ်ကူးနရီ


ကျောင်းသားဘဝကတည်းကနေ အခုထက်ထိအဆက်အသွယ်မပျက်တဲ့ကျနော့်သူငယ်ချင်းတွေထဲမှာ ဝေမိုး အောင်လည်း တစ်ယောက်အပါအဝင်ပါ၊ သူနဲ့ကျနော်နဲ့ ဘယ်တုန်းကတည်းက စ,သိခဲ့ကြတာလည်းလို့ အခုပြန် စဉ်းစားတော့ ခပ်ဝါးဝါးရယ်...၊ ကျနော်မှတ်မိသလောက်ဆိုရင် ၅ တန်းလောက်ကတည်းက စပြီးမျက်မှန်းတန်းမိ နေကြတာဖြစ်မယ်၊ ကျနော်က ကျောင်းဘင်ခရာတပ်ဖွဲ့ထဲလည်း ဝင်ခဲ့ဖူးတော့ အဲဒီမှာသူနဲ့ စ,သိခဲ့တာပဲဖြစ် မယ်၊ သူက ဘင်ခရာထဲမှာ ကျနော့်ထက်စောပြီး ရောက်နေတာကိုး...၊ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းတွေဖြစ်လာတာကတော့ ၁၀ တန်းရောက်မှပါ၊ အဲဒီကျမှ သူနဲ့ကျနော်နဲ့ တစ်ခန်းထဲ၊ ရှေ့ဆင့်နောက် ဆင့်ထိုင်ဖြစ်ကြတာ...၊

ထားပါ၊ ပြောချင်တာက ကဗျာ...၊ ဒီကောင်နဲ့ကျနော်နဲ့ အတူတူရင်ခုန်ကြတာတွေထဲမှာ ကဗျာလည်းပါတယ်၊ သူရေးတဲ့ မော်ဒန်ကဗျာတွေကို ကျနော်ကြိုက်တာများတယ်၊ ကျနော်က လေးလုံးစပ်နဲ့ နဘေထပ်တွေကြားမှာပဲ ရှိနေတုန်း ဒီကောင်ကကျစ်လစ်တဲ့ စကားလုံးတွေနဲ့ လှပလွန်းတဲ့ နမိတ်ပုံတွေကို သုံးနေပြီ၊ မှတ်မှတ်ရရသူ့ ကဗျာတစ်ပုဒ် ခေါင်းစဉ်က “ မုဆိုးမကျီးကန်း ” တဲ့၊ ခေါင်းစဉ်က ကျနော်တို့သူငယ်ချင်းတွေကြားထဲမှာအတော် လေးကို စိတ်ဝင်စားစရာ ကောင်းနေတော့ အားလုံးကဝိုင်းမေးကြတာပေါ့၊ ပထမတော့ ဒီကောင်ကသိပ်မပြော ချင်ဘူး၊ နောက်ပိုင်းအတင်းမေးကြတော့မှ အဲဒါသူ့အကြောင်းသူရေးထားတဲ့ ကဗျာပါ-တဲ့၊ သူဟာငှက်ဆိုရင် တောင် လှလှပပငှက်တစ်ကောင် မဟုတ်ဘဲ အပုပ်အသိုးနဲ့ စွန့်ပစ်ပစ္စည်းတွေကို ခိုးသုတ်စားရတဲ့ ကျီးကန်းတစ် ကောင်ပါ-တဲ့၊ ဘဝနာလိုက်ပုံများ ကျီးကန်းတောင်မှ လင်မရှိတဲ့မုဆိုးမကျီးကန်း-တဲ့၊ ကျနော်ကတော့သဘော ကျတယ်၊ ဒါပေမယ့်ကျန်တဲ့ကောင်တွေကတော့ သူ့ကိုတွေ့တိုင်းမုဆိုးမကျီးကန်းလို့ပဲ ခေါ်တော့တယ်၊ ဒီကောင့် မှာ နာမည်တွင်တော့မလို့ မနည်းပြန်တောင်းပန်ယူရတယ်၊

နောက် ရှိသေးတယ်၊ ဒီကောင်ထိရှခံစားလွယ်ပုံများ ကျနော်တို့သူငယ်ချင်းတွေ အကြောင်းတိုက်ဆိုင်လို့ ဗျစ် ရည်မှီဝဲကြတဲ့အခါတိုင်း သူ့မှာအမြဲလိုလို ငိုရတယ်၊ နဲနဲလေးရီဝေလာပြီဆိုရင် သူ ကလေးဘဝတည်းက လက်ရှိ ကာလအထိ ကြားဖူး၊ ကြုံဖူးခဲ့တဲ့ ဝမ်းနည်းစရာတွေက ခေါင်းထဲရောက်လာရော...၊ အဲဒီအခါမှာ မျက်ရည်လေး စမ်းစမ်း၊စမ်းစမ်းဖြစ်ရာကနေ မျက်ရည်ပေါက်ပေါက်ကျ၊ ဒီကမှတဆင့် ရှိုက်ကြီးတငင်ငိုပါလေရော၊ သူမှီရုံလေးပဲ မှီလိုက်တဲ့ အဖွားကိုသတိရလို့၊ သူတို့လမ်းထဲက ဦးလေးကြီးတစ်ယောက်က ထမင်းတစ်နပ်စားရဖို့အရေး မိုင် ပေါင်းများစွာ လမ်းလျှောက်သွားရဖူးတဲ့ အကြောင်းကိုသတိရလို့၊ သူမူလတန်းကျောင်းသားဘဝတုန်းက အမြတ် တနိုးကိုင်ခဲ့တဲ့ ခဲတံလေးပျောက်သွားတဲ့ အဖြစ်ကိုပြန်တွေးမိလို့၊ စသဖြင့်ပေါ့လေ...သာမန်အချိန်မှာ ဘယ်လိုမှ သူ မစဉ်းစားတဲ့ အကြောင်းတွေကို ခပ်ထွေထွေလေးနဲ့စဉ်းစားပြီး ငိုတော့တာပါပဲ၊ ပထမပိုင်းတွေတုန်း ကတော့ အားလုံးက လန့်သွားကြတာပေါ့လေ၊ သူ ဘာများ ဖြစ်လို့လဲပေါ့၊ နောက်ပိုင်းတော့ သူ့ကြောင်းကိုအားလုံးကသိ သွားတော့လည်း ရိုးသွားတာပေါ့လေ၊ ဒါနဲ့ သူငယ်ချင်းတစ်ယောက်က သူ့ကိုနာမည်ကောက်ပေးလိုက်တယ်၊ ဒီ ကောင်က ကဗျာလည်းရေးတယ်၊ ငိုလည်းငိုတယ်ဆိုတော့ ‘ကဗျာငို’ တဲ့...၊

စိတ်ကူးနရီ ဆိုတာကျနော်ကြိုက်တဲ့ သူငယ်ချင်းဝေမိုးအောင်ရဲ့ကဗျာတစ်ပုဒ်ပါ၊ တစ်ရက် ဒီကောင်လှည်းတန်း ကားမှတ်တိုင်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း နေ့လည်ခင်း နေရောင်ခြည်တန်းတွေရဲ့ ပြုစားမှုအောက် မှာ ဗြုန်းဆိုရလိုက်တဲ့ အတွေးစ,လေးပေါ့၊ လှပ,ကျစ်လစ်,သိမ်မွေ့တဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ၊ ခံစားကြည့်ပါဦး။


စိတ်ကူးနရီ

ကျစ်ဆံမြီးရဲ့ သမီးပျိုရေ
ဟောဒီ...ဆည်းဆာရဲ့ စိတ်ကူးပွဲတော်မှာ
ငါ မင်းကိုဖိတ်ခေါ်ပါရစေကွဲ့၊

နူးညံ့တဲ့ မြေလွှာ
ငါ့ရဲ့နံဘေး
စင်္ကြာဝဠာရောင်စဉ်ချည်ပန်းပွင့်တွေနဲ့
ကိုယ့် ဥယျာဉ်ဆီကိုပေါ့
ငါ့မျက်ဝန်းကောင်းကင်ထဲ
ဆည်းဆာရဲ့အလင်းမှော်တွေ
နုသွယ်သွယ်မင့်ခန္ဓာမှာ
ကိန်းဝပ်တောက်ပဖို့
ဟန်တပြင်ပြင်နဲ့
အတွေးတွေကတော့ မင်းလာမယ့်လမ်းအထက်
ဖွေးဖွေးလှုပ်
မိုးကုပ်စက်ဝိုင်းရဲ့အနောက်တံခါးဟာ
ခေါင်းလောင်းထိုးနေပြီပ...၊

ခန္ဓာအနှံ့ တဖျပ်ဖျပ်လူး
ပြေးလွှားဟစ်အော်လို့
မင်းရဲ့ အကြည့်တွေနဲ့ ကြပ်စီးခံရဖို့
နှလုံးသားက ဖိတ်ခေါ်နေပါရဲ့...
ပန်းနုသွေးတွေ နစ်မြုပ်နေတဲ့
မင်းရဲ့ပါးပြင်မှာ
ငွေရည်ပါးကွက်လူးဖို့
ငွေလဝန်းလည်း ရောက်လာမယ်
ဒါဟာ ညဦးရဲ့အိမ်ပြန်လက်ဆောင်ပေါ့၊

လှမ်းခဲ့စမ်းပ
ကျစ်ဆံမြီးရဲ့ သမီးပျိုရေ...။

(ဝေမိုးအောင်)
(2nd December 1995, 2:04 pm)


ညီလင်းသစ်
၎ စက်တင်ဘာ၊ ၂၀၀၈

20 August 2008

ရင်မှဖြစ်သောသစ်တစ်ပင်

သူတို့ ဆေးရုံကို ရောက်တော့ ည ၁၀ နာရီခွဲ ပြီးနေပြီ။

ဆေးရုံဧည့်ကြိုကောင်တာမှ ဝန်ထမ်းက အမည်ကို မေးမြန်းရင်း တကယ်ချိန်းထားတာ ဟုတ်မဟုတ် ဖုန်းဆက် မေးမြန်းနေသေးသည်၊ သူ အနည်းငယ် စိတ်တိုသွားသည်၊ တကယ်ဆို အခြေအနေက မြင်တာနှင့်ပင်သိသာနိုင် သည်၊ သူတို့အနေနှင့် ဘာ့ကြောင့်လူနာ ဟန်ဆောင်ပြီး လာရမည်နည်း၊ သို့သော်ချက်ချင်းပင် သူစိတ်ပြန်လျှော့ ချလိုက်သည်၊ ‘အင်းလေ...ဝန်ထမ်းက သူ့တာဝန်သူဆောင်ရွက်တာပဲ၊ မင်းစိတ်ကို ငြိမ်အောင်ထားစမ်း’...၊ကမ္ဘာ ပေါ်မှာယောင်္ကျား ဘယ်နှစ်ယောက်ကများ သူ့လိုအခြေအနေမှာ စိတ်ငြိမ်ငြိမ်ထားနိုင်မလဲ၊ သူမသိ၊ သူကတော့ အတော် ပင်စိတ်လှုပ်ရှားလျက်ရှိသည်။

တာဝန်ကျဆရာမက မြင်လိုက်တာနှင့် အခြေအနေ၏ အတိမ်အနက်ကို ချက်ချင်းသဘောပေါက်လိုက်သည်၊

“ အိုး...ရှင်တော်တော် နာနေလားဟင် ”...၊

သူ့အမျိုးသမီးက ခေါင်းသာညိတ်ပြနိုင်သည်၊ သူကတော့ မအိမ်သူ၏ ကျောနောက်မှရေနွေးအိတ်ကို အသာ ထိန်းကိုင်ပေးရင်း သားဖွားဆရာမကို အားကိုးတကြီး ကြည့်လိုက်သည်၊ ဆရာမက မအိမ်သူကိုကြည့်ရင်း... ...

“ ဘာမှမစိုးရိမ်နဲ့၊ ရှင်ဒီမှာပဲ နေလိုက်တော့နော် ”ဟုပြောသည်၊

ထိုအခါကျမှပဲ သူနှင့်မအိမ်သူတို့ တစ်ယောက် ကိုတစ်ယောက် ကြည့်ဖြစ်ကြသည်၊ အတန်ငယ် သက်သာရာ ရသွားသော စိတ်နှင့်အတူ သူပင့်သက်တချက် ရှိုက်ဖြစ်လိုက်သည်။ ‘အင်း...ငါစောင့်စားနေခဲ့တဲ့နေ့ဟာ ဒီတခါ တော့ တကယ်ကိုရောက်လာခဲ့ပြီပဲ၊ ဘယ်လိုမှ မလွဲနိုင်တော့ဘူး’...၊ သူ့ရင်ထဲမှာ ခပ်ဆန်းဆန်း ခံစားမှုလေးတခု ဖြတ်ပြေးသွားပြန်သည်၊ သူတို့၏ကိုယ်ပိုင်ဥယျာဉ်လေးမှ သစ်ပင်လေးတစ်ပင်သည် မကြာမီအချိန်အတွင်း တကယ်ပင် အညှောင့်ပေါက်လာတော့မည်ဖြစ်သည်။

တာဝန်ကျဆရာမက သူတို့ကို ခေတ္တနားနေရန် အခန်းတစ်ခန်းပေးပါသည်၊ ထိုအခန်းထဲမှာပင် လိုအပ်သောစမ်း သပ်စစ်ဆေးမှုတွေကို ဆက်လုပ်သည်၊ မအိမ်သူကတော့ မခံမရပ်နိုင်အောင် နာကျင်နေခဲ့ပြီ၊ မနာကျင်ဘဲလည်း မနေနိုင်၊ Contraction က ၂ မိနစ်ခွဲနှင့် ၃ မိနစ်တခါလာနေသည်၊ ပြီးတော့ Intense Contraction၊ လက်သီးကို ဆုပ်လျက် အံတင်းတင်းကြိတ်ထားသော သူ့အမျိုးသမီးကိုကြည့်ကာ သူပင်ဇောချွေးများပျံလာခဲ့သည်၊

တကယ်တော့ Contraction ကမနေ့ကတည်းက စ,ခဲ့သည်၊ ဒီတုန်းကတော့ သူတို့နှစ်ယောက် စိတ်လှုပ်ရှားစွာ ဖြင့်ဆေးရုံကို ဖုန်းဆက်တော့ ဆေးရုံက Contraction သဘောသဘာဝကိုမေးကာ လိုလိုမယ်မယ်လာပြကြည့် ပါဟုဆိုသည်၊ ဟိုရောက်တော့ Contraction က ၁၂ မိနစ်ခြားတခါပဲ ရှိသေးသဖြင့်ပြန်လွှတ်လိုက်သည်၊ ဒီနေ့ နေ့လည်မှာကျတော့ Contraction က ၆ မိနစ်တခါလောက် ဖြစ်လာသဖြင့် ဆေးရုံကို သူတို့ပြန်လာခဲ့ ပြန်သည်၊ ဆေးရုံမှာ ကလေးရဲ့နှလုံးခုန်နှုန်းကိုတိုင်း၊ Contraction Intensity ကိုတိုင်း၊ Frequency ကိုတိုင်း စသဖြင့်စစ် ဆေးကြသည်၊ သို့သော် ဒီတခါမှာလည်း စောနေသေးသဖြင့် သူတို့ပြန်လာခဲ့ရ ပြန်သည်၊ အခုတော့ သူတို့ကို ဆေးရုံက ခေါ်ထားလိုက်ပြီ၊

စမ်းသပ်နေဆဲမှာပဲ မွေးဖွားရန်အတွက် အတော်နီးစပ်နေပြီဖြစ်ကြောင်း ဆရာမလေးက ပြောသည်၊ တဆက် တည်းမှာပဲမအိမ်သူကို မွေးခန်းထဲခေါ်သွားတော့ သူကလည်းနောက်က တကောက်ကောက်၊ မွေးခန်းသည် ခေတ်မီကိရိယာ တန်ဆာပလာအစုံအလင်ဖြင့် ကြောက်တတ်သောမွေးလူနာများကို အားပေးနေသယောင် ရှိသည်၊ မအိမ်သူကတော့ မခံမရပ်နိုင်အောင်ပင် လွန့်လူးနာကျင် လျက်ရှိသည်၊ သူ့အနေဖြင့်လည်း အားပေးရုံ အပြင် ဘာမှပိုပြီး မတတ်နိုင်...၊ နောက်ဆုံးတော့ ဝေဒနာသက်သာအောင် မွေးလမ်းကြောင်းဆိုင်ရာ ထုံဆေး ထိုးဖို့ ရွေးချယ်လိုက်ကြသည်၊

မေ့ဆေးဆရာဝန်အမျိုးသမီးက ပြုံးရွှင်စွာဖြင့် အခန်းထဲဝင်လာသည်၊ ကြင်နာသောမျက်ဝန်းများဖြင့်ကြည့်ရင်း...

“ အားလုံးကောင်းသွားပါလိမ့်မယ်၊ မစိုးရိမ်နဲ့နော် ” ဟု သူတို့ကိုအားပေးသည်၊

ကျောရိုးထဲကို ထိုးမည်ဖြစ်သောကြောင့် မအိမ်သူက ဘေးတစောင်း နေပေးရသည်၊ ထုံဆေးထိုးမည့်အပ်ကို မြင်သောအခါ သူစိတ်ဝင်စားသွားသည်၊ အပ်သည် သူ့စိတ်ထင် အနည်းဆုံး ၆ လက်မခန့်တော့ရှိမည်၊ ဆရာဝန် ကလိုအပ်သောပစ္စည်းများ ပြင်ဆင်နေချိန်တွင် ရိုးတွင်းခြင်ဆီထဲ ဆေးထိုးတာကို သူကြည့်ချင်နေခဲ့သည်၊ သို့သော် သူ့အမျိုးသမီးကို တာဝန်ယူသည့် သားဖွားဆရာမလေးက တဖက်တွင်သွားနေဖို့ ယဉ်ယဉ်ကျေးကျေး လေးတောင်းဆိုလိုက်သောအခါ သူ့အတွက်ကြည့်ဖို့် အခွင့်မသာတော့ပေ၊ တကယ်တော့လည်း ထိုမွေးခန်းထဲ တွင်အရေးအကြီးဆုံးမှာ မွေးလူနာ သူ့အမျိုးသမီးဖြစ်သည်၊ သူ့အမျိုးသမီးနှင့် ပတ်သက်၍ ဆရာဝန်၊ ဆရာမ အားလုံးကတာဝန်ကိုယ်စီဖြင့် အလုပ်များနေကြသည်၊ လူတိုင်းမှာ လုပ်စရာကိုယ်စီနှင့်...၊ လူပိုဆို၍ သူတစ်ဦး သာရှိလေသည်၊ သို့နှင့်အမျိုးသမီးကို အားပေးရင်း သူ့ကြောင့် ကန့်လန့်ကန့်လန့် မျက်စိမနောက်ရအောင် ငြိမ် ငြိမ်ပဲထိုင်နေ လိုက်တော့သည်၊

ခဏအတွင်းမှာပင် မအိမ်သူမှာ သက်သာသွားခဲ့သည်၊ သူ့ကိုယ်ပေါ်တွင် တပ်ဆင်ထားသည့် တိုင်းတာသော စက်အရ Contraction လာနေတာကို ဂရပ်ဖ်လိုင်းများပေါ်မှာ မြင်နေရသော်လည်း အခုတော့သူမ ပြုံးရယ်ကာ စကားပြောနေ နိုင်ခဲ့ပြီ၊ သူကလည်း တချိန်လုံး ထိုင်ရမလို ထ,ရမလို ဖြစ်နေရာမှ အခုမှပင် သက်ပြင်းချနိုင်တော့ သည်၊ ထိုဝေဒနာ,ထိုခံစားမှု၏ အတိုင်းအတာပမာဏကို သူ့လိုယောင်္ကျားသားတွေ မသိနိုင်ပါ၊ သူ့အမျိုးသမီးကဲ့ သို့ဖြေဆေး ထိုးခွင့်မကြုံသော အခြားမိခင်လောင်းတို့ ဒီကာလကို ဘယ်လိုဖြတ်သန်းကြမလဲဟု သူတွေးမိသော အခါ ကျောထဲမှ စိမ့်ကနဲနေအောင် အေးသွားမိသည်၊ မအိမ်သူကတော့ ပင်ပန်းသွား၍ထင့်၊ ခဏမှိန်းနေသည်၊ သူကလည်း အခုမှအသက်ဝဝ ပြန်ရှူရင်း သူတို့ဥယျာဉ်၏ ပထမဆုံးသော သစ်ပင်ကလေးအတွက်ရေလောင်း ပေါင်းသင်ခဲ့ကြသော နေ့ရက်များအကြောင်းကို ပြန်တွေးနေမိသည်၊

(သစ်ပင်ကလေး သစ်စေ့ဘဝတုန်းက)


ရောက်လာရမည့်အချိန်ထက် တစ်ပတ်တိတိနောက်ကျနေခဲ့သော ထိုသစ်ပင်ကလေးအကြောင်းကိုသူတစေ့တ စောင်းတော့သိပါသည်။ ထိုအကြောင်းကို အခုပြန်တွေးတော့လည်း အင်မတန်မှ ရိုးစင်းလှသည်။ သို့သော် ထိုစဉ်ကတော့ သူတို့အတွက် တကယ့်မေးခွန်းကြီးပင်၊ ရင်သွေးလေးက ဘာလေးလဲဆိုတာ ကြိုပြီးသိသင့် မသိသင့် သူတို့တိုင်ပင်ကြသည်၊ သူ့အမျိုးသမီးက သိချင်သည်၊ သူကမသိချင်၊ တစ်ယောက်ကသိပြီး နောက် တစ်ယောက်ကမသိဘူးဆိုသည့်အဖြစ်ကိုတော့ သူတို့နှစ်ယောက်လုံးမလိုချင်၊ ရှေ့လျှောက်တိုင်ပင်ရမည့် ကဏ္ဍ များစွာအတွက်သူတို့ ဘက်တစ်ဖက်တည်းမှာ အတူရပ်ဖို့တော့ လိုပါသည်၊ နောက်ဆုံးတော့ သိပ်မကျေနပ် ပေမယ့် သူ့အမျိုးသမီးက အလျှော့ပေးလိုက်သည်၊

သို့နှင့် ပုံမှန်စမ်းသပ်ဖို့ ချိန်းဆိုသော ပထမဆုံးအကြိမ်တွင်ပင် သူကပဲ သွားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးကို ပြောလိုက်သည်၊ ‘ကျနော်တို့ ကလေးရဲ့ လိင်ကိုသိဖို့ စိတ်ကူးမရှိဘူး ဆရာ၊ ဒါကို အံ့သြစရာတခု အဖြစ်နဲ့ပဲ ကျနော်တို့ စောင့်စားချင်တယ်’၊ ဆရာဝန်ကြီးကလည်း ‘ခင်ဗျားတို့ သဘောပါပဲဗျာ’ဟု ဆိုပြီး,ပြီးသွားခဲ့သည်။ သို့ သော် ထိုအံ့သြစရာလေးကို အချိန်မတိုင်မီမှာပဲ သူတို့မတော်တဆ သိလိုက်ရသည်၊ လက်မှတ်ထိုးစရာကိစ္စတစ် ခုအတွက် ဆရာဝန်ကြီး၏ လက်ထောက်ဆရာမက သားဖွားမီးယပ်ဖိုင်တွဲကို သူတို့ရှေ့မှာ ဖွင့်ပေးသောအခါ သူ့ အမျိုးသမီး လက်မှတ်ထိုးနေချိန်၌ သူ့မျက်စိက ခရိုမိုဆုမ်း XY ဆိုတာကို မြင်ဖြစ်အောင် မြင်လိုက်လေသည်၊ ပထမတော့ သူအတန်ငယ် စိတ်ပျက်သွားသော်လည်း နောက်ပိုင်းမှာ ပျော်ရွှင်ကျေနပ်လာခဲ့သည်၊ ဘာမှန်းမသိ ရဘဲရင်သွေးတစ်ဦးအဖြစ်သာ ယေဘုယျစောင့်စားရတာထက် အခုတော့ သူနှင့်သားကလေး၏ကြားကသံယော ဇဉ်ကြိုးကို ပီပီပြင်ပြင်ကျစ်ခွင့် ရလာခဲ့သည်၊ အခု ‘သား’ လို့ တိတိကျကျ သူခေါ်နိုင်ပြီ၊ သူ့အမျိုးသမီးနှင့်အတူ သားအတွက် အဝတ်အစားတွေ ကြိုဝယ်လို့ရပြီ၊ နာမည်ရွေးရာမှာ ယောကျာင်္းလေးနာမည်တွေပဲ စဉ်းစားဖို့လို တော့သည်၊ အခုတော့ မတော်တဆဖြစ်စေသည့် ဆရာမကိုပင် သူကျေးဇူးတင်နေမိလေသည်၊

“ ရှင်နေရတာ အဆင်ပြေရဲ့လားဟင်? ”

အနီးကပ်မေးလိုက်သော အသံကြောင့်အတွေးလွန်နေသော သူလန့်သွားသည်၊ ကြည့်လိုက်တော့... သားဖွား ဆရာမလေး၊ သူ့ကို စူးစမ်းဟန်ဖြင့် ကြည့်နေသည်။

“ ဟာ...ပြေပါတယ်၊ အားလုံးအဆင်ပြေပါတယ် ” ဟု သူလည်း ကြောင်တောင်တောင်နှင့် ပြန်ဖြေလိုက်သည်၊

ဆရာမက သူနားမလည်မှန်း အကဲခတ်မိစွာဖြင့် ဆက်ပြောသည်၊

“ တချို့အမျိုးသားတွေက မွေးခန်းထဲကို လိုက်လာပြီးတော့ နေလို့မကောင်းတာ၊ ခေါင်းမူးလာတာ၊ မျက်လုံးတွေ ပြာလာတာမျိုးတွေ ရှိတတ်လို့ပါ၊ တခါဆိုရင် ယောင်္ကျားတစ်ယောက်များ လန့်ပြီးမူးလဲသွားတာတောင် ကျမကြုံ ဖူးတယ်ရှင့်၊ သူ့မိန်းမကို ဘာမှမလုပ်ခင် သူ့ကိုအရင် နှာနှပ်နေရသေးတယ် ဟင်း ဟင်း ”... ...။

သူတို့အားလုံးရယ်မော ဖြစ်သွားကြသည်၊ ဖြစ်နိုင်ပါသည်၊ လူအမျိုးမျိုး စိတ်အထွေထွေ မဟုတ်လား...၊ သို့သော် သူကတော့ သွေးလန့်ပြီး မူးလဲမည့်သူ မဟုတ်ပါ၊

“ ရှင်လဲငြိမ်နေတာနဲ့ သေချာအောင် ကျမက ရှင့်ကိုခေါ်ကြည့်တာ... ... ” ဟု ဆရာမလေးက ဆက်ပြောသည်၊

“ ကျေးဇူးပါဗျာ၊ ကျနော်ကတော့ နေလို့ကောင်းပါတယ်၊ သူ့ကိုသာ ဂရုစိုက်ပါ ”ဟု မအိမ်သူကို ညွှန်ပြရင်းသူ ပြောလိုက်သည်၊ ထိုအခါ ဆရာမလေးက... ... ...

“ အို..ရှင့်အမျိုးသမီးက အားလုံးကောင်းပါတယ်၊ ဒီနေ့ညရှိတဲ့ မွေးလူနာ ၃ ယောက်စလုံးအေးဆေးဆေးဆေးပဲ၊ ကျမမှန်းတာ မလွဲရင် မနက် ၂ နာရီကျော်ကျော်မှာ ဖြစ်လိမ့်မယ် ” ဟုဆက်ပြောသည်၊


ထိုအခါမှ သူလည်းနာရီကို ကြည့်ဖြစ်သည်၊ `ကြည့်စမ်း...၁ နာရီတောင် ထိုးတော့မှာပဲ၊ အင်း...အင်္ဂါနေ့မနက် ၂ နာရီဆိုတော့ ခြင်္သေ့ကလေး တစ်ကောင်ပါလား’ ဟုတွေးမိပြီး သူပြုံးလိုက်မိသည်၊


(တစ်ရက်သားသစ်ပင်ကလေး)


သူ့ဇနီးသည်ကိုယ်ဝန်ရင့်မာလာသောကာလမှာ သားကလေးမွေးဖွားလာပုံနှင့်ပတ်သက်ပြီး မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးရကောင်းမလားဟု သူစဉ်းစားမိသေးသည်၊ ထိုဗီဒီယိုသည် တသက်မှာတခါသာ ရိုက်ကူးနိုင်မည့်ဗီဒီယို ဖြစ်ပြီး တချိန်မှာသူတို့၏ သားကလေး ပြန်ကြည့်နိုင်လိမ့်မည်၊ သို့သော်တဖက်ကလည်း သူ့အမျိုးသမီးကိုအား ပေးနှစ်သိမ့်ရမည့်အချိန်တွင် ဗီဒီယိုကင်မရာတစ်လုံးဖြင့် သူအလုပ်ရှုပ်မနေချင်ပါ၊ နောက်ဆုံးတော့ဇနီးသည်ကို သူမေးမြန်းကြည့်ရင်း သူမ၏ဆန္ဒအတိုင်း ဗီဒီယိုရိုက်ဖို့စိတ်ကူးကို သူစွန့်လွှတ်လိုက်တော့သည်၊ ကင်မရာနောက် ကွယ်မှာနေမည့်အစား မအိမ်သူ၏ဘေးမှာနေ၍ အားပေးခြင်းသည်သာ အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မည်၊

သားဖွားဆရာမလေး၏ ခန့်မှန်းချက်သည် တကယ်လက်တွေ့မှာလည်း ကွက်တိနီးပါး မှန်ပါသည်၊ အခြားမွေးလူ နာနှစ်ယောက်ဆီ သွားကြည့်လိုက်၊ ဒီဖက်ပြန်လာလိုက်ပြီးစမ်းသပ်လိုက်နှင့် ကူးချည်သန်းချည်လုပ်နေသော ဆရာမလေးသည် တကြိမ်မှာတော့ အချိန်ကျပြီဟု ဆိုသည်၊ သူကပင် မအိမ်သူအား အသက်ရှုပုံရှုနည်း၊ ညှစ်ပုံ ညှစ်နည်းများကို ပြောပြသည်၊ တချိန်တည်းမှာပင် ကလေးကိုကိုယ်လက်သန့်စင်ပေးဖို့ သူနာပြုဆရာမတစ်ဦး လည်းရောက်လာသည်၊ အဲဒီနောက်မှာတော့ ရုပ်ရှင်တွေထဲမှာ အကြိမ်ပေါင်းများစွာ မြင်ဖူးသောပြကွက်တစ်ခု ကို သူကိုယ်တိုင်ဝင်ရောက်သရုပ်ဆောင်ရလေသည်၊ မီးဖွားခြင်းဆိုင်ရာ ပြင်ဆင်မှုသင်တန်းများ တက်ခဲ့စဉ်က အမျိုးသမီးအား ဘေးမှနေ၍ ရေစိုအဝတ်ဖြင့် ချွေးသုတ်ပေးရန် မှတ်သားခဲ့ဖူးသော်လည်း တကယ်တမ်းနဖူးတွေ့ ဒူးတွေ့ကာလမှာတော့ သူကပါဘေးကနေ ရောယောင်အသက်ရှုလိုက်၊ အားစိုက်ညှစ်လိုက်ဖြင့် မောပန်းနေလေ သည်၊

ထိုအခိုက် အမျိုးသမီးဆရာဝန်တစ်ဦးနှင့် ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးတို့ အခန်းထဲဝင်ရောက်လာကြ သည်၊ ဝင်,ဝင်လာချင်းမှာပင် သူတို့သည် ပုံမှန် ရောင်းဒ်လှည့်ရင်း ဝင်လာခြင်းဖြစ်ကြောင်း၊ သူတို့ကိုမြင်၍ လူနာ အခြေအနေမကောင်းဘူးထင်၍ စိတ်မပူစေလိုကြောင်း သူ့အားရှင်းပြသည်၊ သူတို့ပြောသကဲ့သို့ပင် သူမြင်ရသ လောက်အခြေအနေသည် ပုံမှန်ပင်ဖြစ်၍ အရာအားလုံးသည် ကျွမ်းကျင်သူများ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေ လေသည်၊

၉ လကျော်ကျော်စောင့်ဆိုင်းခဲ့ရသော သူတို့၏သားကလေးသည် နောက်ထပ် ၁၀ မိနစ်အတွင်းမှာပဲ သူတို့၏ ရှေ့မှောက်သို့ရောက်လာခဲ့တော့သည်၊ အင်္ဂါသား ခြင်္သေ့ကလေးသည် အပြင်ရောက်,ရောက်ချင်းမှာပဲ ‘ဝါး’ကနဲ ငိုချလိုက်သည်၊ ဘေးမှ သူနာပြုဆရာမက ‘မနက် ၂ နာရီ ၁၂ မိနစ်’ ဟုအားလုံးကြားအောင် ခပ်ကျယ်ကျယ် ကြေညာလိုက်သည်၊ သူကလည်းစိတ်ထဲမှာ တခါတည်းမှတ်သားလိုက်သည်၊ ‘၂၀၀၇ သြဂုတ်လ ၂၁ ရက်၊အင်္ဂါ နေ့မနက် ၂ နာရီ ၁၂ မိနစ်’...၊ ထို့နောက်ချက်ချင်းပင် ကလေးကို အနှီးဖြင့်ထွေးကာ အမေ့ရင်ဘတ်ပေါ်သို့ တင် ပေးလိုက်သည်၊ ထိုအခါ မအိမ်သူက ‘သားကလေး...အမေ့ဆီမှာ တချိန်လုံးရှိနေခဲ့တဲ့ သားကလေးရယ်’ဟုဆိုပြီး ဖက်ထားလိုက်တော့သည်၊ အမေနှင့်သား၏မြင်ကွင်းသည် ဝဲလာသော မျက်ရည်များကြောင့် ရုတ်ချည်းပင် ဝေဝါးသွားသောအခါ သူလည်း အမေနှင့်သားကလေးကို အသာအယာပင် ထွေးပွေ့ထားလိုက်သည်၊ သူနာပြု ဆရာမကပင် အသင့်ဆောင်ထားသော ကင်မရာဖြင့် ဓါတ်ပုံတစ်ပုံရိုက်ပြီး သူတို့အားပြကာ ‘ကြိုက်ရဲ့လား’ဟု မေးသည်၊ သူတို့၏ပထမဆုံး မိသားစု ဓါတ်ပုံလေးပင် ဖြစ်သည်၊

(မနေ့တနေ့က သစ်ပင်ကလေး)

ထို့နောက်မှာတော့ ဘေးတဖက်ရှိစားပွဲပေါ်မှာ ဆရာမနှင့်သူ သားကလေးကို ကိုယ်လက်သန့်စင်ခြင်း၊ ပေါင်ချိန် ခြင်း၊ အရပ်တိုင်းခြင်း၊ နာမည်လက်ပတ်တပ်ခြင်းတို့ကို ပြုလုပ်ကြသည်၊ ဆရာမက ပြောလိုက်သေးသည်၊ ‘ကျမ တို့က ဒါတွေလုပ်ရင် အဖေတွေကို အမြဲတမ်းပါဝင်ကူညီစေတယ်လေ၊ သူတို့ဘေးထုတ်ခံထားရတယ်လို့ မခံစား ရတော့ဘူးပေါ့’ တဲ့၊ သူ သဘောတူပါသည်၊ သူ့သားကလေးကို ဖခင်တစ်ယောက်အနေဖြင့် ယခုလိုခရီးဦးကြိုပြု ရခြင်းအတွက် သူကျေနပ် ဂုဏ်ယူမိသည်၊ တနေ့ သားကလေးအရွယ်ရောက်လာသောအခါ သူ့ကိုဘယ်လိုကြို ဆိုခဲ့ကြောင်း သူပြန်ပြောချင်ပါသည်၊ သူတို့နှစ်ဦး၏ ဥယျာဉ်အလယ်မှာ ပေါက်လာခဲ့သောထိုသစ်ပင်ကလေး အတွက်သူတို့ ဘယ်လိုရေလောင်းပေါင်းသင်ခဲ့ကြောင်း၊ ဘယ်လိုပျိုးထောင်ခဲ့ကြောင်းစသဖြင့် ထိုသစ်ပင် ကလေး အရွက်ဖားဖားဝေလာသော တနေ့တွင် အေးအေးလူလူ ပြောပြချင်ပါသည်၊

သူဆေးရုံမှ ပြန်လာတော့ မနက် ၄ နာရီခွဲလုပြီ၊ အမေနှင့်သားကတော့ ခရီးရှည်ကြီးကို အပြေးလာခဲ့ကြရသူများ ပမာမောပန်းလျက် အနားယူကျန်ရစ်ခဲ့သည်၊ ကားပြတင်းမှ အပြင်ကိုကြည့်လိုက်တော့ ကောင်းကင်မှာ လ,သာ နေသည်၊ ထိန်ထိန်မသာသော်လည်း လင်းလင်းချင်းချင်း ရှိပါသည်၊ လ,ရောင်သည် သူ့ရင်ထဲထိတိုင် ပေါက်ကျ စီးဆင်းလာလျက် သူ့တကိုယ်လုံးသည် အေးမြလန်းဆန်းနေတော့သည် ။ ။


ညီလင်းသစ်
၂၀ သြဂုတ်၊ ၂၀၀၈

18 August 2008

Continuous Pedalling

(Pic is from here)

ဒီနေ့ကစပြီး Rafael Nadal က ကမ္ဘာ့ တင်းနစ်ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ၊ အများစု ထင်ကြေးပေးထား တဲ့အတိုင်း Roger Federer ရဲ့နေရာကို Nadal ပဲဆက်ခံခဲ့တာဖြစ်တယ်၊ သူတို့နှစ်ယောက်ကစားပုံ အတက်နဲ့အကျကို ကြည့်ရင် ဒီနေ့ဟာ မလွဲမသွေကို ရောက်လာရမယ်လို့ ကျနော်မျှော်လင့်ထား ပြီးသားပါ၊ ဒီနေ့မှာ စပိန်တင်းနစ်ကစားသမား Nadal ဟာပျော်ရွှင်နေမှာ ဖြစ်သလို ဆွစ်တင်းနစ် ချန်ပီယံဟောင်း Federer ကတော့ အနည်းနဲ့အများ စိတ်ပျက် ကြေကွဲနေမှာ အသေအချာပါပဲ၊

Tennis ကိုကျနော် အရင်ကဒီလောက်စိတ်မဝင်စားခဲ့ဘူး၊ အရှေ့တောင်အာရှရဲ့ လူကြိုက်များတဲ့ အားကစားတွေထဲမှာ တင်းနစ်မပါသလို ကမ္ဘာ့နာမည်ကြီး တင်းနစ်သမားတွေလည်း သိပ်မရှိပါဘူး၊ ဒီဖက်ကိုရောက်လာတော့ တင်းနစ်ဘောလုံးတွေဟာ ကျနော့်ရဲ့နေ့စဉ်ဘဝထဲကို တဖြည်းဖြည်းနဲ့ ကျရောက်ထိမှန်လာခဲ့ပါတော့တယ်၊ အထူးသဖြင့် Federer ဟာ Swiss လူမျိုးဖြစ်တော့ သူ့နိုင်ငံမှာ သူ့အကြောင်းကို အခြားဒေသတွေမှာထက် ပိုပြီးသိလာရာကနေ သူ့ပွဲတွေကိုလည်း ကြည့်ဖြစ်လာခဲ့ ပါတယ်၊ ဒီလိုနဲ့ပဲ ကျနော်ဟာ တင်းနစ်ကွင်းတွေရဲ့ အလယ်ကိုရောက်မှန်းမသိ ရောက်လာခဲ့ပြီး တစ်နာရီ ကီလိုမီတာ ၁၀၀ ကျော်တဲ့နှုန်းနဲ့ တဝီဝီလွန်းထိုးသွားနေတဲ့ အစိမ်းရောင်ဘောလုံးလေး တွေကို မလွတ်တမ်း ကြည့်ဖြစ်လာတော့တာပါပဲ၊

Federer ဟာ ၂၀၀၄ ဖေဖော်ဝါရီ ၂ ရက်ကတည်းကနေ မနေ့ကအထိ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပေမယ့် ထိပ်သီး Grand Chelem ပွဲကြီးတစ်ပွဲဖြစ်တဲ့ Roland Garros ပွဲကိုတခါမှ မနိုင်ခဲ့ဖူးပါဘူး၊ အများသိ ကြတဲ့အတိုင်း သူဟာ Wimbledon လိုမြက်ခင်းကွင်းတွေမှာ ပြိုင်ဖက်မရှိကောင်းမွန်သလောက်ပြင် သစ်နိုင်ငံမှာ ကျင်းပတဲ့ Roalnd Garros ရဲ့အုတ်နီခဲမှုန့်ကွင်းမှာတော့ သူ့ရဲ့အမြဲတမ်းပြိုင်ဖက် Nadal ကိုမကျော်နိုင်ခဲ့ဘူး၊ ဒီတော့ Roalnd Garros မှာ Nadal ကနိုင်လိုက်၊ သူ့ရဲ့နောက်မှာကျင်း ပတဲ့ Wimbledon မှာ Federer ကနိုင်လိုက်နဲ့ ရှိနေရာက ဒီနှစ်မှာတော့ Nadal က Federer ရဲ့ ကွင်းဖြစ်တဲ့ Wimbledon မှာပါနိုင်လိုက်ပြီးတဲ့ အခါမှာတော့ Federer ရဲ့ခေတ်ဟာလည်း ဆုံးခန်း တိုင်သွားခဲ့တာပါပဲ၊

ပိုဆိုးတာက ဒီအရှုံးကို ပြန်အဖတ်ဆယ်ဖို့အတွက် Federer ဟာအခုလက်ရှိ Olympic Games မှာ အနိုင်ကစားဖို့ အားခဲထားပေမယ့် ကွာတားဖိုင်နယ်မှာတင်ပဲ ရှုံးသွားခဲ့ရပြန်တယ်၊ သတင်းစာရှင်း လင်းပွဲမှာ သူ့ကိုသတင်းထောက်တွေက မေးတယ်၊

“ ဒီ ၂၀၀၈ မှာခင်ဗျားတချိန်လုံး ရှုံးနေတာပဲ၊ ခင်ဗျားမှာ ဘာများလိုအပ်နေလို့လဲ ” တဲ့၊

Federer ကပြန်ဖြေတယ်၊

“ ကျနော့်မှာ လိုအပ်နေတာက Training ပဲ၊ ဒီဖက်ပိုင်းတွေမှာ ကျနော့်ရဲ့လေ့ကျင့်မှုအတွက် အချိန် ကောင်းကောင်းမရနိုင်ဘူး ဖြစ်နေတယ် ” တဲ့...၊

ကျနော်စဉ်းစားကြည့်မိတယ်၊ သူ့လို နားရက်မရှိ တနှစ်ပတ်လုံးနီးပါး ကစားနေတဲ့ ကမ္ဘာ့ချန်ပီယံ တစ်ယောက်က လေ့ကျင့်မှုလိုနေတယ်တဲ့၊ လေ့ကျင့်မှု မရှိလို့ ရှုံးပွဲတွေဆက်ခဲ့တယ်တဲ့၊ လေ့ကျင့်မှု ဟာမရှိမဖြစ် လိုအပ်နေတာပဲ၊ ကျနော်တို့လည်း ဘဝမှာတခါတလေ သတိလက်လွတ်ဖြစ်ပြီး လေ့ ကျင့်မှုနဲ့ ပြတ်လပ်ခဲ့တဲ့အချိန်တွေ အများကြီးပါ၊ အထူးသဖြင့် လုပ်နေကျ၊ ပြောနေကျ၊ ကျင့်သားရ နေတဲ့ အရာတွေနဲ့ပတ်သက်ရင် ပိုတောင်လစ်ဟာတတ်ပါတယ်၊ ဘယ်လိုပဲတော်နေ၊ ကောင်းမွန် နေပါစေ..လေ့ကျင့်မှုမရှိရင် ကျစ်လစ်သေသပ်မှုနဲ့ ပြီးပြည့်စုံကောင်းမွန်ခြင်းအပိုင်းမှာတော့လျော့တိ လျော့ရဲနိုင်နေ နိုင်ပါတယ်၊

အိုင်းစတိုင်း ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို သတိရမိတယ်၊

‘ ဘဝဟာ စက်ဘီးနဲ့တူတယ်၊ စဉ်ဆက်မပြတ် နင်းနေဖို့လိုတယ်၊ ရပ်လိုက်ရင်တော့ လဲပြီပဲ ’ တဲ့၊

အနိမ့်အမြင့်၊ အတက်အကျတွေ ကြုံရပေမယ့်လည်း ကျနော်တို့ ဆက်နင်းနေဖို့ပဲ လိုပါတယ် ။ ။


ညီလင်းသစ်
၁၈ သြဂုတ်၊ ၂၀၀၈

15 August 2008

အရိုးသားဆုံးသီချင်းတစ်ပုဒ် (သို့) ကိုငှက်


( ဒီက ပုံပါ )

ဒီနေ့ဟာ ကိုငှက် (ထူးအိမ်သင်) ဒီလောကထဲက ထွက်သွားခဲ့တာ ၄ နှစ်ပြည့်တဲ့ နေ့ပါ၊ မြန်မာ့ဂီတ လောကဟာ သူ့ရဲ့အစားထိုးမရတဲ့ ဒီဆုံးရှုံးမှုကို ကြေကွဲခြင်းကြေးမုံထဲမှာ ၄ နှစ်မြောက် နာနာကျင် ကျင် ပြန်ကြည့်ရခြင်းလည်း ဖြစ်တယ်၊ တကယ့်ကို တန်ဖိုးရှိတဲ့ ရှားရှားပါးပါး မြန်မာဂီတ ပညာရှင် တစ်ယောက် စောစီးစွာ တိမ်းပါးသွားရတဲ့အဖြစ်ဟာ တွေးလိုက်တိုင်း ဝမ်းနည်းစရာတွေအတိနဲ့ပါပဲ၊ ဝေးသွားတဲ့အခါ... နှလုံးသားမှာ အမြဲတမ်းသတိရ နေဆဲပါ... ...၊

နာရီပေါ်မှ မျက်ရည်စက်တွေ စီးကျလာတာကို ကျနော်တအံ့တသြနဲ့ မြင်လိုက်ရချိန်က ၆ တန်း ကျောင်းသားဘဝကပါ၊ တကယ်ကို လှပလွန်းတဲ့ မျက်ရည်စက်တွေ ပါပဲ၊ အများသူငါ စီးလေ့စီးထ မရှိတဲ့ ပုံစံသစ်နဲ့ သိမ်မွေ့ခမ်းနားစွာ စီးလာလိုက်ပုံများ...သူပန်ထားတဲ့ ပန်းနီနီနဲ့ သူဆင်မြန်းတဲ့ဖိနပ် နီနီတို့ကို တိုးဝှေ့ပွတ်တိုက်၊ နောက်...ကျေးလက်က ကျောင်းဆရာလေးရဲ့ စေတနာတွေနဲ့ အတူ သူ့ရဲ့ခေါင်းလောင်းကြီးလည်း တဒေါင်ဒေါင်တဒင်ဒင် နိုးထလာခဲ့ရပြီပေါ့၊

ကိုငှက်ရဲ့ ပထဆုံးအခွေနဲ့ပဲ ကျနော်ဂစ်တာတီး သင်ဖို့ဆုံးဖြတ်လိုက်တယ်၊ သူ့ရဲ့သီချင်းတွေကို ရေချိုးရင်း၊ လမ်းသွားရင်း၊ မိုးရွာထဲမှာ လျှောက်ပြေးရင်း အော်ဆိုရတာထက် ဂစ်တာတစ်လက်နဲ့ တလေးတစား တီးဆိုချင်လာတယ်၊ အဲဒါကြောင့်ပဲ ဂစ်တာစ,တီးတဲ့အခါ သိရမယ့်ကော့ဒ်တွေ အား လုံးကို အရင်မသင်ဘဲ ကျနော်ဆိုချင်တဲ့ သူ့သီချင်းမှာ ပါတဲ့ ကော့ဒ်တချို့ကိုပဲ အရင်သင်တယ်၊ ဒီ လိုနဲ့ ကိုငှက်ရဲ့ သီချင်းတချို့ကို မတောက်တခေါက် တီးဆိုရင်း ကျေနပ်နေခဲ့တယ်၊ ဆိုနေကျသီ ချင်းတချို့ကို နည်းနည်းအားရသွားတော့ နောက်ထပ်ပိုခက်တဲ့ သီချင်းတွေကို တီးဖို့အတွက်ဂစ်တာ ကော့ဒ်အသစ်တွေ ထပ်သင်၊ ရတော့ အဲဒီသီချင်းတွေ ထပ်ဆို၊ ဒါနဲ့ပဲ ကျနော်လည်း ဂစ်တာတီးဖြစ် သွားပြီး နာရီပေါ်ကစီးလာတဲ့ မျက်ရည်စက်တွေက ကျနော့်နှလုံးသားကမ်းပါး ကိုပါ တိုက်စားသွား ရော ဆိုပါတော့...၊

ကိုငှက်နဲ့ပတ်သက်ပြီး ကျနော်မှတ်မိနေသေးတဲ့ အဖြစ်အပျက်တစ်ခုက အင်းစိန်အ.ထ.က(၁)မှာ လုပ်တဲ့ စတေ့ခ်ျရှိုးပွဲမှာပါ၊ အဲဒီတော့ကျနော်က ၁၀ တန်းဖြေပြီးစ၊အဲဒီခေတ်က ပွဲတစ်ခုစီစဉ်ပြီ ဆို ရင် အဆိုတော်ပေါင်းစုံ ဝိုင်းဆိုကြတဲ့ ခေတ်ပေါ့၊ ရောခ့်၊ ပေါပ့်၊ ဂျပ်ဇ်၊ အဆူ၊ အနှေး၊ သီချင်းပေါင်းစုံ၊ စတိုင်ပေါင်းစုံပါပဲ၊ ဒါပေမယ့် အဲဒီပွဲတွေဟာ အခုနောက်ပိုင်းအလုံပိတ် အခန်းတွေထဲမှာ လုပ်တဲ့ပွဲ တွေထက်တော့ ပိုပြီးရင်ခုန်စရာ ကောင်းတာအမှန်ပါပဲ၊ အခုအင်းစိန်က ပွဲမှာလည်း အဆိုတော်က ကျနော်မှတ်မိသလောက် ၄၀ လောက်ရှိမယ်၊ ပွဲလုပ်မယ့် ညနေရောက်တော့ ကျနော်နဲ့ သူငယ်ချင်း တချို့ အဲဒီကိုချီတက်ကြတာပေါ့၊

စတေ့ခ်ျရှိုးကို သွားမယ့်သာ သွားတာပါ၊ ကျနော်တို့မှာ တစ်ယောက်မှ လက်မှတ်မရှိဘူး၊ လက်မှတ် ဆိုတာ အသာထားပါဦး၊ အဲဒီကိုသွားဖို့ ကားခတောင် မရှိပါဘူး၊ ဒါပေမယ့် ကိစ္စမရှိဘူး၊ ကျနော်တို့ တပျော်တပါး လမ်းလျှောက်ကြတယ်၊ ဟိုရောက်တော့ အ.ထ.က(၁)ကျောင်းဝင်းထဲကစင်မြင့်ဟာ ထရံအမြင့်ကြီးတွေရဲ့ နောက်မှာ...၊ အပြက်ဖက်ကနေ ဘယ်လိုမှ မမြင်ရပါဘူး၊ ဒါပေမယ့်ကိစ္စမရှိ ဘူး၊ ဒါကို ကျနော်တို့ ကြိုတွေးထားပြီးသား၊ ကျနော်တို့အတွက်ကလည်း ရှိုးကသီချင်းသံတွေကို အရင်းအတိုင်းကြားရတဲ့ နေရာမှာ လာပြီးရင်ခုန်ဖို့သက်သက်ပါပဲ၊ အင်းစိန်မင်းကြီးလမ်းပေါ်မှာ တော့ လူတွေကအပြည့်ပဲ...၊

ပွဲစ,တော့ အဆိုတော်အသစ်တွေ၊ သိပ်နာမည်မကြီးတဲ့သူတွေ၊ နောက်...အတော်အတန်နာမည်ရှိ တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ဆိုကြတာပေါ့၊ သိပ်တော့ မမှတ်မိတော့ဘူး၊ ည ၁၁ နာရီ လောက်ရှိတော့ ချစ်ကောင်းနဲ့ ခင်မောင်တိုး ဆိုကြတယ်၊ အဲဒီအချိန်မှာပဲ ဆိုဖို့နောက်ဆုံးကျန်နေတဲ့ အဆိုတော် ရောက်လာခဲ့တယ်၊ “ဟာ...ထူးအိမ်သင်ဟေ့”...ဆိုတဲ့အသံတွေနဲ့အတူ လူအုပ်ကြီးက လည်း ကျောင်းဝင်းတံခါးဆီကို ပြိုဆင်းကျလာတယ်၊ ကျနော်တို့က ကံကောင်းချင်တော့အဲဒီအချိန် ဝင်းတံခါးပေါက်မှာ ရှိနေတယ်၊ ခဏနေတော့ လူအုပ်ကြားထဲကနေ စူပါကပ် ဆိုင်ကယ်လေးပေါ် လာတယ်၊ ကိုငှက်ကဆိုင်ကယ်မောင်းပြီး နောက်မှာသူငယ်ချင်းတစ်ယောက်နဲ့၊ လှစ်ကနဲပဲမြင်လိုက် ရပြီး ချက်ချင်းအထဲရောက်သွားတယ်၊

မကြာပါဘူး၊ စင်ပေါ်ကနေ ‘ရွှေ’သီချင်းရဲ့ drum intro ကိုစ,ကြားရတာပါပဲ၊ ခဏကြာတော့အထဲက ပရိသတ်ရဲ့ လက်ခုပ်သံတွေနဲ့အတူ ကိုငှက်အသံပေါ်လာတယ်၊ ကြယ်တွေစုံတဲ့ ကောင်းကင်ယံ အောက်မှာ ကိုငှက်ရဲ့အသံဟာ ပြီးပြည့်စုံခြင်းအတိနဲ့ တည်ငြိမ်အေးချမ်း နေလိုက် တာ...၊ ပြီးတော့ ဒုတိယတစ်ပုဒ် ‘ရက်စက် စွာပြုံးတတ်သော’ကို ဆက်ဆိုတယ်၊ အဲဒီအချိန်မှာ အပြင်က ပရိသတ်က ထိန်းမရတော့ဘူး၊ ကိုငှက်က ပွဲရဲ့နောက်ဆုံးအဆိုတော်လည်းဖြစ်၊ အစောင့်မျှော်ဆုံး လည်းဖြစ် တော့ အားလုံးကအထဲဝင် ချင်လာကြတယ်၊ ဒါနဲ့ပဲ စီစဉ်သူတွေက ဝင်းတံခါးကြီးကို ဖွင့်ပေး လိုက်ရတော့တယ်၊ ထိပ်ဆုံးက ပြေးဝင်သွားသူတွေထဲမှာ ကျနော်လည်း တစ်ယောက် အပါ အဝင် ပေါ့၊ အဲဒီအချိန် ကိုငှက်က ‘တနေ့နေ့တော့ချစ်လာလိမ့်မည်’ ကိုဆို နေခဲ့တယ်၊ အထဲကို ရောက် သွားတော့ တချိန်လုံးကျောဖက်ကပဲ မြင် နေခဲ့ရတဲ့ စတေ့ခ်ျစင်ကြီးကို တမက်တမော ကြည့်ပစ် လိုက်တယ်၊ ပြီးတော့...ကျနော်အကြည့် ချင်ဆုံး အဆိုတော်က အဲဒီစင် ပေါ်မှာ...၊ ကိုငှက်က နောက်ထပ် ၇ ပုဒ်၊ ၈ ပုဒ်လောက် ဆက်ဆို သေးတယ်၊ ညနေ ၆ နာရီက နေ ည ၁၁ လောက်အထဲ မင်းကြီးလမ်းပေါ်မှာ တချိန်လုံး မတ်တပ် ရပ် စီးမျောခဲ့ရပေမယ့် နောက်ဆုံး မှာတော့ ကျနော့် ရင်ခုန်သံတွေက ချိုမြိန်စွာနဲ့ အဆုံးသတ်ခဲ့ရတယ်၊ ကျနော့်အတွက် အင်မတန်မှ ထိုက်တန်တဲ့ ဆုလဒ်ပါပဲ...၊

အခုတော့လည်း ဒါတွေက ဟိုးခပ်ဝေးဝေးဆီမှာ..၊ ဒါပေမယ့် ပြန်တွေးတိုင်း ရင်ဘတ်ထဲမှာနွေးထွေး တဲ့ဆွတ်ပျံ့မှုလေးတစ်ခုက တိုးတိုးဝှေ့ဝှေ့ ဖြတ်သန်းသွားဆဲပါပဲ၊ ကိုငှက်ဆုံးတဲ့သတင်းကို ဧရာဝတီ မဂ္ဂဇင်းမှာ ဖတ်ရတဲ့ နေ့တုန်းက ကျနော်ကိုယ့်မျက်စိကို ကိုယ်မယုံကြည်နိုင်ဘဲ တကိုယ်လုံးတုန် ယင်နေခဲ့တယ်၊ ညနေစောင်းမှာတော့ ဘယ်လိုမှ မနေနိုင်တော့တာနဲ့ မြန်မာပြည်က သူငယ်ချင်း တွေဆီကို ဖုန်းဆက်ပြီး ရင်ဖွင့်ဖြစ်တယ်၊ ဒီမှာ နေစဉ်ကာလမှာ နာရေးနဲ့ ပတ်သက်လို့ မြန်မာပြည် ကို အဖြစ်နိုင်ဆုံးနည်းနဲ့ အမြန်ဆုံး ပြန်သွားချင်စိတ် ၂ ခါ ဖြစ်ဖူးတယ်၊ ကိုငှက်ဆုံးတုန်းကနဲ့ ဆရာ ကြီးဒေါက်တာသန်းထွန်း ကွယ်လွန်တုန်းကပါပဲ၊ ကျနော်လေးစား တန်ဖိုးထားရတဲ့ ပညာရှင်တွေ လွင့်ပါးသွားချိန်မှာ အဝေးကနေ တိုးတိတ်စွာ ဝမ်းနည်းရုံကလွဲရင် ဘာမှပိုပြီး မလုပ်နိုင်ခဲ့ပါဘူး၊ တနေ့မှာပေါ့လေ...ကိုငှက်ရဲ့ အုတ်ဂူဆီ အရောက်သွားပြီး ဒီလောကကြီးကို သင်ကြားပေးခဲ့တဲ့ သီချင်းတွေအတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါသေးတယ်၊ တကယ်တော့ ကိုငှက်ကိုယ်တိုင် ကိုက ဘယ်တော့မှ အိုမင်းသွားမှာ မဟုတ်တဲ့ အရိုးသားဆုံး သီချင်းလေးတစ်ပုဒ်ပါပဲ ။ ။


ညီလင်းသစ်
၁၄ သြဂုတ်၊ ၂၀၀၈

11 August 2008

မွန်းတည့်ချိန်၏သွားများ (၁)

ဒီနာမည်ကတော့ ကျနော်တို့ဆီက နာမည်ကြီးတောင်ကြော တစ်ခုရဲ့ ပြင်သစ်နာမည်ကို တိုက်ရိုက် မြန်မာမှု ပြုလိုက်တာပါ၊ ဒီတောင်က သူ့ရဲ့ကွဲပြားတဲ့ပုံသဏ္ဍာန်နဲ့ ဆန်းပြားတဲ့နာမည်ကြောင့် လူသိ များပါတယ်၊ Les dents du midi လို့ခေါ်တဲ့ ဒီတောင်ကို မကြာခဏ မြင်ဖူးနေပေမယ့် အခုလောက် အထိ နီးနီးနားနားကို မရောက်ဖူးပါဘူး၊ ပြီးခဲ့တဲ့တစ်ပတ်ကတော့ ခွင့်ယူပြီး တောင်ပေါ်ခရီးတစ်ခု ထွက်ဖြစ်တယ်။

ကျနော်တို့တည်းတဲ့ အိမ်က မီတာ ၁၂၀၀ အမြင့်မှာ ရှိပြီး အဲဒီတောင်ရဲ့ ရှေ့တည့်တည့်မှာ ရှိတော့ ကျနော်လည်း ဓါတ်ပုံတချို့ လက်တည့်စမ်းဖြစ်တယ်ပဲ ဆိုကြပါစို့ရဲ့၊ ရိုက်ဖြစ်တော့လည်း အမှတ်တ ရဖြစ်သွားတာပေါ့လေ...၊ ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး၊ ခံစားပေးကြည့်ပါဦး...။



နေ့လည်ဖက်ဆိုရင် ကျနော်တို့ တည်းခိုတဲ့ Chalet သစ်လုံးအိမ်ရဲ့ တဖက်ခြမ်းမှာ နေရောင်သိပ်မရှိတော့ပေ မယ့် Les dents du midi ကတော့ လင်းလင်းထင်းထင်း ပါပဲ။



မွန်းတည့်ချိန်၏သွားများဟာ ကျနော့်မျက်စိထဲမှာ တခါတခါ တခုခုကို ကြိတ်ဝါးတော့မယ့် အံသွားတစ်စုံနဲ့ တူနေ ပြန်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ရာသီဥတုကြည်လင်တဲ့ နေ့လယ်ခင်းတွေမှာတော့ ဒီတောင်တန်းတွေဆီကနေ မမြင်မသိ နိုင်တဲ့ တစုံတခုက ကျနော့်ကို ညှို့ယူလေ့ရှိတာတော့ အသေအချာပါပဲ။

ဒါ့ကြောင့်ပဲလားတော့မသိဘူး၊ တောင်တန်းတွေဟာ ကျနော်အမြဲတမ်း စူးစမ်းချင်တဲ့၊ ထိတွေ့နင်းလျှောက်ချင်တဲ့ နေရာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ၊ တောင်တက်သမားတွေ ပြောလေ့ရှိတဲ့ ‘ဘာ့ကြောင့်တောင်တွေကို လိုက် တက်နေရတာလဲ ဆိုတာသိချင်ရင် အနီးဆုံးတောင်တစ်ခုပေါ်ကို ခင်ဗျားတက်ကြည့်လိုက်ပါ’ ဆိုတဲ့စကားကို ဒီလိုတောင်တွေ မြင်ရတဲ့ အခါမှာ ကျနော်ပိုပြီး သဘောပေါက်လေ့ ရှိပါတယ် ။ ။

ညီလင်းသစ်

၁၁ သြဂုတ်၊ ၂၀၀၈

14 July 2008

စက်ခေါင်း


ငါ့ရင်ထဲမှာ
မီးရထားစက်ခေါင်းတစ်ခု ရှိတယ်၊
အမြဲတမ်းလိုလို
မီးပေါင်လျော့နေတဲ့ စက်ခေါင်းတစ်ခုပါ၊

ဒါပေမယ့်
မီးပေါင်မပြည့်တာကို
စက်ခေါင်းက သူ့ဟာသူတောင်
မသိရှာဘူး၊
သူသိတာက
တဂျုံးဂျုံး တဂျက်ဂျက် အော်မြည်ရင်း
ဘူတာစဉ်တွေ ကုန်အောင်ခုတ်မောင်းမယ်၊
သံလမ်းတွေပေါ်မှာ
မမောနိုင်မပန်းနိုင် လွန်းထိုးမယ်၊
ဒါပဲ...၊
အလံသာ ချိုးထားပလေ့စေ
စက်ခေါင်းက ထွက်ခွာဖို့ အသင့်ပဲ၊

လက်တွေ့မှာတော့
မီးပေါင်မပြည့်တဲ့ စက်ခေါင်းတစ်ခုဟာ
အမြဲလိုလို
စိတ်ပျက်လက်ပျက် စောင့်ဆိုင်းခဲ့ရတာချည်းပါပဲ၊
သူ့နောက်မှာ
သူဆွဲချင်လွန်းတဲ့ တွဲပေါင်းများစွာကို
ချိတ်ထားရင်း
ဘူတာထဲမှာတင်
ငုတ်တုတ်မိုးလင်းသွားလေ့ ရှိတယ်၊

ဒီလိုနဲ့ တစ်ရက်မှာ
စက်ခေါင်းဟာ
မြစ်ဝကျွန်းပေါ်ဒေသဆီ
ခုတ်မောင်းချင်လာတယ်၊
ရွှေဝါရောင်လယ်ကွင်းတွေ ရှိခဲ့ဖူးရာ
မြစိမ်းရောင်တောအုပ်တို့ ရှိခဲ့ဖူးရာဆီ
ထွက်ခွာဖို့ စက်ကုန်ဖွင့်တယ်၊
တဝုန်းဝုန်း စက်သံတွေကြားမှာ
အမည်းရောင်မီးခိုးတွေသာ
တလုံးပြီးတလုံး အူထွက်လာရဲ့
စက်ခေါင်းကတော့
ဘူတာထဲကကို မရွေ့ဘူး၊

အမြဲတမ်းလိုလို မီးပေါင်လျော့နေတဲ့
စက်ခေါင်းတစ်ခုကတော့
ဘူတာထဲကကို မရွေ့ခဲ့ဘူး ။ ။


ညီလင်းသစ်
၁၄ ဇူလိုင်၊ ၂၀၀၈

12 May 2008

Nargis



အစ်မမေငြိမ်းဆီကယူပါတယ်။

14 April 2008

ကိုယ်လေးလက်ဝန် အလွမ်း



‘ အမေနဲ့အိမ်ကို သတိရလိုက်တာ ’ တဲ့...။
ရွှေမန်းသူက
အလွမ်းတဝက်နဲ့ ပြောတယ်၊

လူက
မပေါ့မပါးမှာ
အလွမ်းတွေကပါ
ဖရုံဆင့်နေသေးတော့
ခမျာမှာ
ပိကျလေးလံလွန်းတဲ့ရက်တွေထဲ
ဒရွတ်ဆွဲဖြတ်သန်းရင်း
ရတနာဂီရိကနေ
မန္တလေးကို လှမ်းပြီးလွမ်းရတဲ့
စုဖုရားလတ်ရဲ့ လွမ်းခြင်းမျိုးနဲ့
လွမ်းလို့ပေါ့၊

ဟောဒီတောင်တန်းတွေကြားထဲ
ဘယ်သူကများ ပစ်ချထားခဲ့တာပါလိမ့်၊
ဒီအရပ်မှာ
နှင်းတောင်၊ ကျောက်တောင်၊ မြေသားတောင်
တောင်ညို၊ တောင်ဝါ
တောင်ချွန်း၊ တောင်မွတ်
အားလုံးနီးပါး ရှိရဲ့၊
ဒါပေမယ့် အာသာမပြေပါဘူးကွယ်...
အရိပ်ကလေးခိုစရာ မန်းတောင်ကို
ရမ်းယောင်လို့ပဲ တမ်းတမိနေတော့
အလွမ်းတစ်ထောင်ပြည့်ပေါင်းလဲ များလှပေါ့၊

အခုနေ
အမေသာဘေးမှာ ရှိရင်
လိုလေသေးမရှိ ဂရုစိုက်မှာ...
အခုနေ
သူငယ်ချင်းတွေသာ အနားမှာရှိရင်
အားပေးစကားတွေ ကြားရမှာ...
အခုတော့
မန်းရိပ် မန်းငွေ့ကင်းတဲ့အရပ်မှာ
မန်းသူ မန်းသားတွေကို
အလွမ်းထူ အလွမ်းပါးတွေနဲ့ပဲ
ရတနာပုံဆန်ဆန် လွမ်းနေရပြန်ရဲ့၊

မကြာခင်မှာ ရောက်လာတော့မယ့်
၃၇ ပတ်သား
သမီးကလေးရေ...၊
သမီးကလေးဟာ
အိမ်လွမ်းသူ အမေ့အတွက်တော့
အကောင်းဆုံး
အိမ်ပြန်လက်ဆောင်လေးပါပဲကွယ်။ ။


ညီလင်းသစ်
၁၃ ဧပြီ၊ ၂၀၀၈


(မိဝေး ဖဝေးမှာ သမီးကလေးနဲ့အလွမ်းတွေကို သယ်ပိုးထားတဲ့ မအုန်းအတွက်...)

11 April 2008

အကွဲ...


အတန်ငယ်အုံ့မှိုင်း၍ နေရောင်ခြည်တောက်ပစွာ မရှိသောနေ့တစ်နေ့တွင် ဤစာကိုကျနော်ရေးနေသည်။ ဤစာ သည်မည်သူ့အတွက် ရေးသည်ဟုကျနော်မသိပါ၊ ဤစာတွင် စာဖတ်သူတစ်ယောက်အတွက် ပေးစရာသတင်း စကားတစ်ခုပါလိမ့်မည်ဟု ကျနော်အာမ မခံနိုင်ပါ၊ ဤစာကို ဘာ့ကြောင့်ရေးမှန်းပင် ကျနော်မသိပါ၊ အပြုအမူ တခုစီတိုင်းအတွက် လိုက်ပြီးအဓိပ္ပါယ်ဖွင့်ဆိုနေစရာ မလိုဟု ကျနော်ယုံပါသည်။ မယုံသည့်သူများကတော့ ပြော ခဲ့ကြသည်။ အနုပညာသည် ပြည်သူအတွက် ဟု၊ သို့မဟုတ် အနုပညာသည် အနုပညာအတွက် ဟု၊ သို့မဟုတ် အနုပညာသည် ဘာအတွက်မှမဟုတ် ဟု...။ ကျနော်ကမူ ထိုအရာများကို ပြောရန်ပါးစပ်ဖွင့်ခြင်းထက် ပန်းသီး တစ်လုံးကိုစားရန်သာ ပါးစပ်ဖွင့်လိုပါသည်။

ကျနော်တို့ကမ္ဘာတွင် သဘောကွဲလွဲမှုများ များလွန်းလှသည်။ ရိုးစင်းအခြေခံကျလှသည့် အကြောင်းအရာလေး များကိုပင် သဘောမတူနိုင်ကြပါ၊ ဥပမာ- ဘုန်းကြီးတစ်ပါး၏ ဦးခေါင်းသည် ကျမ်းဂန်စာပေများ သိုမှီးရာနေရာ ဖြစ်သည်ဟု ကျနော်ဆိုလျှင် သင် သဘောတူကောင်းတူမည် ဖြစ်သော်လည်း သဘောမတူမည့် သူများရှိနိုင်ပါ သည်။ ထိုသူများက ဝါးရင်းတုတ်များ ကိုင်ကြလိမ့်မည်။ ဝါးတစ်ပင်လုံး အသုံးချနည်းစာအုပ်တွင် ထိုကဲ့သို့အသုံး ချနည်းပါလိမ့်မည်ဟု ကျနော်မထင်ပါ၊ ကျနော့်အမေက ပိန္နဲသီးကို ခွဲသောအခါ အထဲမှအမွှာများကို ကျနော်တို့ စားသုံးကြသည်။ ကျနော့်ညီမလေးက စုဗူးကိုခွဲသောအခါ အထဲမှ ပိုက်ဆံများဖြင့် ဂါဝန်လှလှလေးများ ဝယ်ခဲ့ သည်။ ကွဲသွားသော ရဟန်းတစ်ပါး၏ ဦးခေါင်းထဲမှ အသိ၊အလိမ္မာ ယဉ်ကျေးမှုများသည် ခွဲသူကို မည်သို့အကျိုး ပြုသလဲဟု ကျနော်မသိပါ။ ကွဲတာကတော့ ကွဲခဲ့ပြီ ဖြစ်သည်။

လူ့သမိုင်းတလျှောက်မှာ ကွဲတာတွေများ လွန်းလှသည်။ ဆိုဗီယက်ယူနီယံ ကွဲခဲ့သည်။ အရှေ့ဂျာမနီနှင့်အ နောက်ဂျာမနီ ကွဲခဲ့သည်။ ကျနော်တို့ခေါင်းရင်းအိမ်မှ ကိုသန်းဖေနှင့် မမြင့်မြင့်အေး ကွဲခဲ့သည်။ ဖဆပလ ကွဲခဲ့ သည်။ အင်းဝနှင့်ဟံသာဝတီ ကွဲခဲ့သည်။ တွမ်ခရုစ်နှင့် နစ်ကိုးလ်ကစ်ဒ်မန်င်း ကွဲခဲ့သည်။ ဒဂုံစင်တာ ကွဲခဲ့သည်။ နောက်...ကျနော်၏နှလုံးသား ကွဲခဲ့သည်။ အာရ်စီတူး၊ ဗိုလ်တစ်ထောင်တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်သို့ သင်ရောက်ဖူးသည်ဆိုလျှင် တချိန်မဟုတ်တချိန်တော့ ကျနော့်နှလုံးသား အကွဲစများပေါ်က သင်လမ်းလျှောက် ခဲ့ပေလိမ့်မည်။ မြေမှုန်များ၊ ကွန်ကရိချပ်များ၊ ကတ္တရာစေးများကြားတွင် ရုပ်ပျက်ဆင်းပျက် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော ကျနော့်နှလုံးသားအား သင်မမှတ်မိခဲ့ခြင်းအတွက် အားတုံ့အားနာ ဖြစ်ရန်မလိုပါ၊ ဤသည်မှာ ပတ် ဝန်းကျင်နှင့် ကျနော့်နှလုံးသား တသားတည်းဖြစ်ခြင်း၏ လက္ခဏာကြောင့်ပင်ဖြစ်သည်။

တခါတရံ ကွဲစေခြင်းအလို့ငှာ ကျနော်ကိုယ်တိုင် နှလုံးသားကို လွှတ်ချရသလို တခါတရံမှာတော့ ထိန်းသိမ်းနေ သည့်ကြားမှ နှလုံးသားက လွတ်ကျ ကွဲတတ်ပြန်လေသည်။ ကြည့်မှန်တစ်ချပ်သည် ပုံရိပ်များကို ထင်စေသည်။ သိုးဆောင်းဓလေ့အရ မှန်တစ်ချပ်ကွဲခြင်းသည် ၇ နှစ်တာကံဆိုးမိုးမှောင် ကျစေသည်။ အတိတ်၏ပုံရိပ်များ ထင် ကျန်နေသော ကျနော့်နှလုံးသား ကွဲသောအခါ နှစ်ပေါင်းမည်မျှ ကံဆိုးမိုးမှောင်ကျ ရမည်လဲ၊ ကျနော်မသိပါ။ သေချာသည်ကတော့ ပလာစတာများအကြောင်း ကျနော်ပိုသိလာခြင်း ဖြစ်သည်။ စ,ကတည်းက စွဲမြဲစွာကပ် တတ်သော ပလာစတာများ၊ အစမှာ ကပ်သော်လည်း အချိန်ကြာလာသောအခါ ပြန်ကွာလာတတ်သော ပလာစ တာများ၊ ပတ်ဝန်းကျင် အပူအအေးကို လိုက်၍ ကပ်လိုက်ခွာလိုက် ဖြစ်တတ်သော ပလာစတာများ၊ ကပ်ချင် ယောင်ဆောင်တတ်သော ပလာစတာများ...ကျနော်သိခဲ့ရသည်။ သင်သည် ပလာစတာများအကြောင်း ကောင်း ကောင်းမသိသေးဘူးဆိုလျှင် ဤစာကြောင်းဆုံးသည်နှင့် ပလာစတာတစ်ခုကို ပြေးဝယ်၍ ဆောင်ထားစေချင်ပါ သည်။ လမ်းထွက်သောအခါ ပလာစတာသည် မကြာခဏလိုသော ပစ္စည်းတစ်ခုဖြစ်ကြောင်း သင်တွေ့လိမ့်မည်။

မြောက်ဝင်ရိုးစွန်းတွင် ရေခဲတောင်များ ကွဲထွက်လာနေကြသည်။ သင်ရော ကျနော်ပါ လောလောဆယ် တိုင် တန်းနစ်သင်္ဘောပေါ်မှာ ရှိမနေသည့်အတွက် ကံကောင်းသော်လည်း ကမ္ဘာကြီး ပိုမိုပူနွေးလာကြောင်း ခိုင်မာ သည့် အထောက်အထား ဖြစ်သည့်အတွက် ကံဆိုးလာနိုင်ကြောင်း သဘောကွဲစရာ လိုမည်မထင်ပါ။ ထိုအခါ ဗန်းမော်တင်အောင်၏ ‘ကျနော်ကကော ဘာများတတ်နိုင်ဦးမည်နည်း’ ဟူသော စာသားကို ကျနော်တို့အားလုံး ရွတ်ဆိုကြမည်။ အသံကွဲသော်လည်း အကြောင်းတူဖို့သာ လိုပါသည်။ လှည်းပေါ်ကလူများ ကျနော်တို့ထံ လာ ရောက်ပူးပေါင်းသောအခါ ဝန်ပေါ့ပြီး အားများလာမှာ သေချာပါသည်။ နောက်တကြိမ် မတွန်းခင်မှာတော့ ဇွန် ပန်းရနံ့လေး ရှုရှိုက်ကြမည်၊ ကျနော့်ကောင်မလေးထံမှ ချစ်ခြင်းမေတ္တာများ ပျော်ကျစီးဆင်းလာစေရန် သူမ၏ ကမ္ဘာလေး ပိုမိုပူနွေးလာဖို့ လိုသည်။ ဟန်ဆောင်ခြင်း မြူနှင်းတို့ ကွဲသည့်အချိန်တွင် မျှော်လင့်ခြင်း အလင်းတန်း တို့ ဖြာဆင်းနွေးထွေး လာလိမ့်မည်။ ထိုအခါ အသည်းကွဲလမ်းဆုံမှ ကျနော် ဖုတ်ဖက်ခါပြီး ထခဲ့မည်။

အတန်ငယ် အုံ့မှိုင်းမြဲအုံ့မှိုင်း၍ နေရောင်ခြည်မတောက်ပခဲ့သော ထိုနေ့တွင် ဤစာကို ကျနော်အဆုံးသတ်သည်။


ညီလင်းသစ်
၁၁ ဧပြီ၊ ၂၀၀၈